မော်လမြိုင် ၊ စက်တင်ဘာ ၂၈
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ စစ်ဥပဒေတွေကို လိုအပ်တဲ့ ပြင်ဆင်ချက်တွေနဲ့ ဖြည့်စွက်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ စက်တင်ဘာ ၂၆ ရက်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ MSFC ရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်ရေးဌာနအောက်ရှိ တပ်ဖွဲ့တွေနဲ့ ပြည်ထဲရေးဌာနအောက်ရှိ ရဲတပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်ဥပဒေတွေကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
MSFC ရဲ့ သဘာပတိက နောင်တစ်ချိန်မှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ အစိတ်အပိုင်းဖြစ်လာကြမယ့် အခြားပြည်နယ်/ ဖက်ဒရယ်ယူနစ်တပ်တွေလိုမျိုး မွန်ပြည်နယ်အတွင်းရှိ တပ်တွေအားလုံး လူ့အခွင့်ရေးနဲ့ ဥပဒေလေးစားလိုက်နာတဲ့ တပ်တွေ ဖြစ်လာမှသာ လူထုရဲ့ ယုံကြည်မှု ရရှိမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ဖွဲ့အနေနဲ့ စစ်သည်တော်ကျင့်ဝတ် Code of Conduct ကို အထူးလေးစားလိုက်နာကြဖို့နဲ့ နိုင်ငံတကာရဲ့ မူ၊ စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်ကြဖို့ လိုအပ်ပြီး ခေတ်နဲ့ လျော်ညီတဲ့ စစ်ဥပဒေဖြစ်နိုင်ရေး သုံးသပ်ဆွေးနွေးကြဖို့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
အဲဒီနောက် စစ်ဘက်ဆိုင်ရာ CDM အရာရှိတွေနဲ့ စစ်ရေးဆိုင်ရာကျွမ်းကျင်သူတွေက သူတို့ ဖြတ်သန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာအတွေ့အကြုံတွေ ဥပဒေပြန်ဌာန်းချက်နဲ့ ကျင့်ဝတ်တွေအကြောင်းကို တက်ရောက်လာကြသူတွေနဲ့ အပြန်အလှန် အကြံပေးဆွေးနွေးခဲ့ကြပါတယ်။
အဲဒီကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ စစ်ဥပဒေတွေကို ဆွေးနွေးသုံးသပ်တာတွေ ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ ပြင်ဆင်ချက်တွေနဲ့ ဖြည့်စွက်ချက်တွေကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဒါပေမယ့် ဆက်လက်လုပ်ဆောင်သွားမယ့် ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာတွေကိုတော့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
အစည်းအဝေးမှာ MSFC က သဘာပတိ၊ အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းနဲ့ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနဲ့ တာဝန်ရှိသူတွေ၊ MSFC ရဲ့ တပ်တွေဖြစ်ကြတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) က တပ်မှူးတွေ၊ ပြည်ထဲရေးဌာနအောက်ရှိ မွန်ပြည်ရဲတပ်ဖွဲ့က ရဲအရာရှိတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

