မော်လမြိုင် ၊ စက်တင်ဘာ ၂၇
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖွဲ့စည်းခဲ့တဲ့ အခုနှစ်အတွင်း လူမှုကွန်ရက်ပေါ်က နိုင်ငံရေးအမြင်မတူတဲ့ မှတ်ချက်ပေးမှု မျှဝေမှုတွေကိုပါ ဖမ်းဆီးအရေးယူလာတယ်လို့ Data for Myanmar ကနေ သိရပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ အွန်လိုင်းပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးအရေးယူခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Data for Myanmar ကနေ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
အစီရင်ခံစာပါ အချက်အလက်တွေအရ စစ်အာဏာသိမ်း ငါးနှစ်ကျော်အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၂,၀၂၉ ဦး ရှိခဲ့ပါတယ်။
ဖမ်းဆီးအရေးယူမှုတွေ စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အယောက် ၈၇၀ ကျော် ပါဝင်ပြီး အဲဒီကနေ အခုခုစ် ဩဂုတ်အထိ နှစ်အလိုက် ပြန်ကြည့်မယ်ဆိုရင် ဖမ်းဆီးအရေးယူခံရသူဦးရေ ဆက်တိုက် ကျဆင်းလာတာတွေ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ အယောက် ၆၁၀ ကျော်၊ ၂၀၂၄ ခုနှစ်မှာ အယောက် ၃၇၀ ကျော်၊ ၂၀၂၅ ခုနှစ်မှာ အယောက် ၁၄၀ နဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်အထိဆိုရင် ၂၆ ယောက်သာ ရှိခဲ့တာကြောင့် စတင်ဖမ်းဆီးခဲ့တဲ့ အချိန်ကာလနဲ့ နှိုင်းယှဉ်ရင် အရေအတွက် နည်းလာပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့ သိမ်းယူထားတဲ့ နိုင်ငံရေးအာဏာကို အရပ်သားအသွင်နဲ့ ဆက်လက်ချုပ်ကိုင်နိုင်ဖို့ အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၂၆ ခုနှစ်အတွင်း လုံခြုံရေးထိပါးမှုမဟုတ်ဘဲ နိုင်ငံရေးအမြင် သဘောထားမတူတဲ့ မှတ်ချက်ပေးမှု မျှဝေမှုတွေကိုပါ ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွေ ပါဝင်လာတာပါ။
အထူသဖြင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်ကို ၂၀၁၅ ခုနှစ်က ပဲခူးရေကြီးမှုနဲ့ နှိုင်းယှဉ်ပြီး အစိုးရနှစ်ရပ်ရဲ့ မတူညီတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအကြောင်း ရုပ်သံမျှဝေခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုသီဆိုထားတဲ့ “လရောင်အောက်က ကုမုဒြာ”သီချင်းကို Facebook ပိုစ့်တစ်ခုအောက်မှာ မှတ်ချက်ရေးသားခဲ့သူ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာအင်တာနက်ပရောဂျက် MIP ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က စစ်အုပ်စုဘက်က သူတို့ လုပ်ဆောင်ချက်တွေအားလုံးကို အကောင်းဘက်ကပဲ ရှိစေချင်တဲ့အတွက် အုပ်ချုပ်ရေး အားနည်းချက်တွေ ဖိနှိပ်မှုတွေကိုတော့ မှေးမှိန်စေချင်လို့ အခုလို လုပ်နေတာလို့ ထောက်ပြပါတယ်။
ဒါကြောင့် စစ်တပ်ကို ထောက်ခံတဲ့ သူတွေဖြစ်စေ တော်လှန်ရေးကို အားပေးတဲ့ သူတွေဖြစ်စေ စစ်အုပ်စုကို ဝေဖန်တာဖြစ်စေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်မှာ ပြင်းထန်စွာ ဖိနှိပ်နေတာလို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူလုပ်ဆောင်နေတဲ့ဟာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ စံချိန်စံနှုန်းတွေ နောက်ပြီး တကယ့်အခွင့်အရေးရဲ့ အရေးကြီးတဲ့ အခြေအနေတွေ တကယ်ကို အားပေးထောက်ခံမယ့် ဟာတွေအားလုံးကို မူဝါဒအားဖြင့်လည်း ထုတ်ပြောထားတာ မရှိဘူး။ နောက်တစ်ခါ အကောင်အထည်ဖော်မှုနဲ့ လေးစားလိုက်နာမှုတွေလည်း မရှိဘူး။ ဒါကြောင့်မို့ ဟိုဘက်ကို သာစေ ဒီဘက်ကို သာစေဆိုတဲ့ အနေအထားမျိုးကို ပြောလို့ရတာမျိုး မဟုတ်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်မှာ စစ်အုပ်စုက ပြင်းထန်စွာ ဖိနှိပ်နေတယ်လို့ပဲ ကျွန်တော်တို့ ပြောနိုင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုအတွင်း အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဆိုဒ်စာမျက်နှာတွေကို ပိတ်ပင်တဲ့အပြင် Facebook လို လူသုံးများတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို အသုံးမပြုနိုင်အောင် ပိတ်ပင်တာတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် လူမှုကွန်ယက်ကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ ခြိမ်းခြောက်တာတွေလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က နဲ့ ပုဒ်မ ၅၀၅ – က ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က)အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၂၇ မြို့နယ်မှာ ဖမ်းဆီးအရေးယူတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ အယောက် ၅၀၀ ကျော်နဲ့ မန္တလေးတိုင်းမှာ အယောက် ၄၆၀ ကျော်ရှိခဲ့လို့ အများဆုံးအရေးယူခံရတဲ့ တိုင်းတွေဖြစ်ပါတယ်။
ကျန်တဲ့ ပဲခူး၊မကွေး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဖမ်းဆီးခံရသူ အယောက် ၁၀၀ အထက် ရှိခဲ့ပြီး မွန်ပြည်နယ်မှာတော့ အယောက် ၉၀ ကျော် ရှိခဲ့တယ်လို့ Data for Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ရေးဘီလူးရဲ့ Facebook အကောင့်အောက်မှာ Comment ဝင်ရေးသူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ် ၅၂ (က) နဲ့ အမှုဖွင့်အရေးယူထားတာပါ။
အစီရင်ခံစာအရ လူမှုကွန်ယက်ပလက်ဖောင်းတွေထဲမှာ Facebook ပေါ် ရေးသားမျှဝေမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး TikTok ပေါ်မှာ ၁၅၀ ကျော်အပြင် Viber နဲ့ တယ်လီဂရမ်ပေါ်မှာတော့ ၃ ယောက်ကနေ ၅ ယောက် ရှိခဲ့ပါတယ်။
ကျန်တဲ့သူတွေတွေကတော့ Facebook TikTok Viber YouTube စတဲ့ တစ်ခုထက်ပိုတဲ့ အွန်လိုင်းပလက်ဖောင်းတွေမှာ ရေးသားမျှဝေတာတွေကြောင့် ဖမ်းဆီးအရေးယူခံရတာဖြစ်တယ်လို့ Data for Myanmar က ဆိုပါတယ်။
ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးသင့်သလို အွန်လိုင်းအသုံးပြုသူတွေအနေနဲ့လည်း ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်တယ်လို့ အကြုံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

