မော်လမြိုင် ၊ စက်တင်ဘာ ၂၇

မွန်ပြည်နယ်မှာ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းအများစု ဆိုးဆိုးဝါးဝါး ပျက်စီးနေပေမယ့် စစ်တပ် အသွင်ပြောင်း အစိုးရကတော့ ဖာထေးမှုလောက်သာ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းမှာတော့ ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် မြို့တွေရဲ့ အဓိက ကျတဲ့ လမ်းမကြီးတွေ၊ လမ်းသွယ်တွေ၊ လမ်းကြားတွေကအစ မိုးရွာသွန်းမှုနဲ့အတူ ချိုင့်ခွက်တွေ ဖြစ်ကာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကြောင့် သွားရေးလာရေးတွေမှာ အခက်အခဲ ရှိနေတာပါ။

အခုလို လမ်းပိုင်းအများစု ဆိုးဆိုးဝါးဝါး ပျက်စီးနေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လက်အောက်ခံ လမ်းဦးစီးဌာနနဲ့ စည်ပင်ဌာနအပြင် BOT စနစ်နဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကလည်း လမ်းပိုင်းတွေကို ထပ်ပိုးလွှာခင်းကျင်းတာထက် ဖာထေးမှုလောက်သာ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

မွန်ဒေသခံ တစ်ဦးကတော့ လမ်းအများစုဟာ သုံးပုံ နှစ်ပုံလောက် ပျက်စီးနေပေမယ့် စစ်အစိုးရကတော့ ပေါက်တဲ့ အပေါက်တွေကို ဖာထးတာ လောက်သာ လုပ်ဆောင်တဲ့အတွက် မကြာခဏ လမ်းတွေ ပျက်စီးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လမ်းက တော်တော်လေး သုံးပုံပုံ နှစ်ပုံ ပျက်တဲ့အခါကျတော့ အခုလမ်းရဲ့ အခြေအနေကတော့ ပြောပြလို့တောင် မတက်တော့ဘူး။ သူတို့က ပေါက်တဲ့ အပေါက်တွေကို လိုက်ပိတ် တာပေါ့။ အဲဒီလောက်ပဲ။ သူတို့ ဖာလိုက် အနောက်က ပျက်လိုက်၊ အရှေ့က ဖာသွား အနောက်ကပျက်။ လမ်းပျက်တဲ့ အခါကျတော့လည်း တော်တော်တော့ မောင်းရတာတော့ အန္တရာယ် များတာပေါ့။ ခက်ခဲတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ပျက်စီးနေတဲ့ လမ်းပိုင်း တစ်ခုလုံးကို မပြင်ဘဲ ဖာထးတာ လောက်သာ လုပ်ဆောင်တာကြောင့် ကားကြီးတွေ သွားလာပါက နဂိုချိုင့်ခွက်အတိုင်း ပြန်ကျန်ခဲ့တဲ့အတွက် လမ်းတွေ ပြန်ကောင်း လာတာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။

မွန်ဒေသခံ နောက်တစ်ဦးကလည်း လမ်းတွေဟာ တစ်ဝက်ကျော်လောက် ပျက်စီးနေပေမယ့် စစ်အစိုးရ လက်အောက်ခံ တွေက တအား ပျက်စီးမှ ပြင်တာ ရှိသလို တော်ယုံတန်ယုံ ဆိုရင် ဖာတေးတာ လောက်သာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လမ်းပျက်တာက တစ်ဝက်ကျော်ကျော်လောက် ပျက်နေတယ်။ လမ်းတွေက ဆိုးတယ်။ ဟိုအရင်တုန်းက လမ်းမျိုး ပြန်ဖြစ်နေတယ်။ မြေသားတွေလည်းသွား လမ်းတွေလည်းပေါက်၊ ဒီကျွန်တော်ကို ကားလမ်းကျတော့ သူတို့က တအားပျက်မှ ပြင်တယ်။ တော်ရုံတန်ယုံလောက်ဆို သူတို့ ဖာလိုက်တယ်။ ဟိုတစ်လောတုန်းကပဲ လမ်းမကြီး လိုက်ဖာထားတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ လမ်းပိုင်း အများစု ပျက်စီးနေတာကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ ချိုင့်ခွက်တွေကို ဝင်တိုးမိပြီး ဆိုင်ကယ် တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေ ရှိသလို တချို့တွေကတော့ ချိုင့်ခွက်ကို ရှောင်ပြီး မောင်းတဲ့အတွက် ယာဉ်မတော်တဆ ဖြစ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ လမ်းပိုင်း အများစု ပျက်စီးနေတဲ့အပေါ် ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထ လမ်းတွေရဲ့ ချိုင့်ခွက်တွေကို မြေဖို့ ပေးတာ၊ သဲတွေ ကျောက်တွေ ထည့်ပေးတာအပြင် လမ်းပျက်စီးနေတာကို ယာဉ်မောင်းတွေ သိရှိဖို့အတွက် အမှတ်အသား တစ်ခုခု ထားရှိပေးတာတွေကို လုပ်ဆောင် နေရတာပါ။

အရင် ပြီးခဲ့တဲ့ အစိုးရ လက်ထက်က လမ်းတွေ ပျက်စီးနေပါက လမ်းပိုင်း တစ်ခုလုံးကို နိုင်လွန်ကတ္တရာ ခင်းပေးတာ၊ ထပ်ပိုးလွှာခင်းပြီး ပြန်လည် ပြုပြင် ပေးတာ အပြင် ကွန်ကရစ်လမ်းတွေ ခင်းကာ လမ်းပိုင်း တစ်ခုလုံကို ပြုပြင်ပေးတာတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရဟာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၆၄၀၀ ကျော် သုံးစွဲခွင့် ရရှိထားပြီး အဲဒီထဲမှာ လမ်းဦးစီးဌာနနဲ့ စည်ပင်ဌာနဟာ ဘတ်ဂျက် ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော်စီနဲ့ အများဆုံး သုံးစွဲခွင့်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.