ကျိုက်ထို ၊ စက်တင်ဘာ ၂၇

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ရှိ ကျေးရွာတွေမှာ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်နေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကနေ နေ့လယ် ၁၂ နာရီအထိ တိုက်ခိုက်ရေး လေယာဉ် ၆ စီးနဲ့ ဗုံးအလုံး ၅၀ ထက်မနည်း ကြဲချသွားသလို မြေပြင်ကနေလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာပါ။

ဒီဗုံးကြဲမှုဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲပြီးနောက် ဒုတိယအကြိမ် ထပ်မံပြုလုပ်လာတဲ့ အထူးလေကြောင်းတိုက်ခိုက်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အနည်းဆုံး ကျေးရွာပေါင်း ခြောက်ရွာက ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အများစုကတော့ ဗုံးခိုးကျင်းတွေထဲ ပုန်းခိုနေရကာ ထိခိုက်သေဆုံးတာနဲ့ ပျက်စီးမှု အသေးစိတ် မသိရသေးပါဘူး။

ဒီလေကြောင်းဗုံးကြဲမှုဟာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာ အပြင်းအထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်း စစ်ဌာနချုပ်ကို အတွင်းသတင်းပေးမှုကြောင့် လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

NUG အထူးတိုင်း စစ်ဌာနချုပ် ဗုံးကြဲခံရတဲ့ ဖြစ်စဉ်အတွင်း CDM တပ်ကြပ်ကြီး နေဝင်းအောင်နဲ့ PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားအပါအဝင် PDF ရဲဘော် ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.