နေပြည်တော် ၊ စက်တင်ဘာ ၂၆

အာဏာသိမ်း စစ်တပ်ရဲ့ မြေပြင်တိုက်ခိုက်ရေးအင်အားကို ဖြည့်တင်းပေးနေတဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေ အလှည့်ကျ တာဝန်းထမ်းဆောင်ရမယ်လို့ စစ်အစိုးရခန့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ဗိုလ်တထောင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် ကာကွယ်ရေး ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။

မေးခွန်းရှင်က စစ်မှုထမ်းဥပဒေအရ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သား၊ သမီးတွေပါ စစ်မှုထမ်းနေကြတဲ့အတွက် အကျုံးဝင်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သား၊ သမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်မျိုးသန့်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေအရ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသားတိုင်းဟာ အလှည့်ကျတဲ့ အချိန်ကျရင် တာဝန်ထမ်းဆောင်ရမှာဖြစ်လို့ ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူတွေကလွဲပြီး ကျန်တဲ့သူတွေဟာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမယ်လို့ ဖြေကြားထားတာပါ။

စစ်ကောင်စီလက်ထက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဖွင့်လှစ်ထားတဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၂၈ အထိ ရှိလာပေမယ့် အနုပညာအသိုင်းအဝိုင်းက လူတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ သားသမီးတွေကို ခေါ်ယူတာ မတွေ့ရပါဘူး။

တစ်ဘက်မှာ ဝါရင့်အနုပညာရှင်တချို့က သူတို့ မြေးတွေကို ပြည်ပမှာ ပညာသင်ခိုင်းပြီး နိုင်ငံအတွက် စစ်မှုထမ်းတာဟာ ကြောက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာလို့ ပြောဆိုကြတာရှိသလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလားဆိုတဲ့ မေးခွန်းထုတ်မှုနဲ့ စစ်မှုထမ်းဖို့ လှုံ့ဆော်နေတာလည်း ရှိနေပြန်ပါတယ်။

မွန်ဒေသခံတစ်ဦးက ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ ဘယ်သူကနေ စစ်မှုမထမ်းချင်ကြတဲ့အတွက် ပိုက်ဆံနဲ့ အရာရာကို ဖြေရှင်းနေကြတဲ့အပေါ် ‌ပေါ်တာဆွဲ အလစ်သုတ်တာတွေ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်ထက် ကောက်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်တွေအရ တစ်နိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းသတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အမျိုးသားဦးရေ ၆ ဒသမ၂ သန်းကျော်ရှိပါတယ်။

တပ်အင်အားလိုအပ်ချက် မြင့်မားနေဆဲဖြစ်တဲ့ စစ်တပ်က စစ်မှုထမ်းတပ်သားတွေကို ခေါ်ယူစုဆောင်းတဲ့နေရာမှာ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း အကျုံးဝင်သူတွေကို ဆင့်ခေါ်တာ၊ မဲနှိုက် ရွေးချယ်တာနဲ့ လူအစားထိုးတာတွေနဲ့ မလုံလောက်တော့ဘဲ ပြန်ပေးဆွဲတဲ့အထိ ရုပ်ပျက်လာပါတယ်။

မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ လူငယ်အများစုဟာ ဒေသန္တရ အမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေ ညဘက် အပြင်ထွက် သွားလာတဲ့ သူတွေနဲ့ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက်မပြည့်တဲ့ သူတွေလည်း ပါဝင်နေသလို သတ်မှတ်ထားတဲ့ အသက်အရွယ်ကို ကျော်လွန်ပြီး စစ်မှုထမ်းဖို့ အကျုံးမဝင်တဲ့ သက်လတ်ပိုင်းအရွယ်တွေကိုပါ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူစစ်အဖွဲ့တွေက နေ့ညမရွေး စောင့်ကြည့်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

စစ်မှုထမ်းအင်အားပြည့်မီရေး အထက်ဌာနတွေရဲ့ ဖိအားပေးမှုတွေနဲ့ အောက်ခြေအဆင့်ဆင့် လူအရောင်းအဝယ် အကျိုးအမြတ်တွေကြောင့် အဖွဲ့ပေါင်းစုံပါဝင်တဲ့ စစ်မှုထမ်းလူမှောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ဆိုပါတယ်။

ဒီလိုမျိုး အခြေအနေတွေ ဖြစ်ပျက်နေတဲ့အပေါ် မေးခွန်းရှင်က ပြည်သူ့စစ်မှုထမ်းကို စနစ်နဲ့အညီ အကောင်အထည်ဖော်နိုင်ရေး ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ပြည်သူတွေ သိရှိနိုင်ရေး အသိပညာပေးဖို့ အစီအစဉ် ရှိ ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။

ဗိုလ်ချုပ်အောင်မျိုးသန့်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်သူ အမျိုးသားတွေကိုသာ ဆင့်ခေါ်နေပြီး ဒေသအသီးသီးက စစ်မှုထမ်းဖို့ ကိုက်ညီသူအားလုံးကို တစ်ပြိုင်တည်း အင်အားတစ်ပြေးညီ သတ်မှတ် ခေါ်ယူစေတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် အကျုံးဝင်သူ လူဦးရေ အစိပ်အကျဲ၊ နယ်မြေတည်ငြိမ်ရေး လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေအပေါ် အခြေခံတွက်ချက်ပြီး အချိုးကျသတ်မှတ်ဆင့်ခေါ်နေတာလို့ ပြောပါတယ်။

လက်ရှိ လုံခြုံရေးကိစ္စတွေမှာ ပိုမိုလုပ်ဆောင်နိုင်ဖို့ သင်တန်းကျောင်းတွေက လစဉ်လက်ခံလေ့ကျင့်သင်ကြားပေးနိုင်တဲ့ အင်အားကို ထည့်သွင်းတွက်ချက်ပြီး စနစ်တကျ ဆင့်ခေါ်နေတာလို့ သူက ဖြေကြားထားတာပါ။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း မိမိတို့ရဲ့ မဲဆန္ဒနယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စတွေ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းစည်းရုံးပေးကြဖို့ကိုလည်း ဗိုလ်ချုပ်အောင်မျိုးသန့်က တိုက်တွန်းခဲ့ပါသေးတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ကိုယ်စားလှယ်တွေကိုပါ စည်းရုံးခိုင်းတာဟာ နိုင်ငံရေးအရ ဖိအားပေးမှု တိုးလာနိုင်သလို ပြည်သူတွေအတွက် အားကိုးတိုင်ကြားစရာ ပိုနည်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေတွေကို မေးမြန်းဖော်ထုတ်ရမှာဖြစ်သလို အဓမ္မစုဆောင်းမှုနဲ့ မတရားငွေညှစ်တာတွေ ပြန်ပေးဆွဲ ငွေတောင်းခံပြီး အလဲအလှယ်ခိုင်းတာတွေ ရပ်တန့်ဖို့ တောင်းဆိုရမယ်လို့ ထောက်ပြပါတယ်။

စစ်အစိုးရခန့် ကာကွယ်ရေးဒုဝန်ကြီးကတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း စတင်ဖွင့်လှစ်တဲ့ အပတ်စဉ်(၁)ကနေ အပတ်စဉ်(၂၈)အထိ ကင်းလွတ်ခွင့်ပြုသူ၊ လျှော့ပေါ့ခွင့်ပြုသူ၊ ရွှေ့ဆိုင်းခွင့်ပြုသူပေါင်း ၁၆၆၀ နီးပါးကို ပြန်လည်စေလွှတ်ပေးခဲ့တယ်လို့ ဖြေကြားထားတာပါ။

တစ်နိုင်ငံလုံးမှာ ရပ်ကွက်၊ကျေးရွာပေါင်း ၆၆၀၀၀ ကျော်ရှိတဲ့အတွက် လက်ရှိ ဆင့်ခေါ်နေတဲ့ အင်အားအရ အလှည့်ကျ သတ်မှတ်အရေအတွက် အနည်းငယ်ကိုသာ ဆင့်ခေါ်ပေးနေရတာလို့ ပြောပေမယ့် မြေပြင်နဲ့ ကွဲလွဲနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် ဇူလိုင်ကနေ အခုနှစ် ဩဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး အင်အား ၁၃၅,၀၀၀ ကျော်ကို အဓမ္မစုစည်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းအင်အား ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ ပါဝင်နေတာတွေ့ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.