နေပြည်တော်၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်း စစ်ဌာနချုပ်ကို အတွင်းသတင်းပေးမှုကြောင့် လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရကတော့ NUG အထူးတိုင်းစစ်ဌာနချုပ်ကို အတွင်းသတင်းတွေရဲ့ပူးပေါင်းမှုကြောင့် စနစ်တကျ ထောက်လှမ်းလေ့လာပြီး ဝေဟင်ကနေ ထိရောက်စွာ ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ စိတ်ဓာတ်စစ်ဆေးရေးအတွက် ဝါဒဖြန့်မှု တစ်ရပ်သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

NUG အထူးတိုင်းစစ်ဌာနချုပ် လေကြောင်းဗုံးကြဲခံရမှုဟာ ဆက်သွယ်ရေးစက်ကနေ သတင်းပေါက်ကြားပြီးနောက် စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

NUG အထူးတိုင်းစစ်ဌာနချုပ်ကတော့ လေကြောင်းဗုံးကြဲခံရမှု ဖြစ်စဉ်ကို လုံခြုံစိတ်ချတဲ့ အခြေအနေ တစ်ခုရောက်ရင် အသေးစိတ် သတင်းထုတ်ပြန်ပေးမယ်လို့ အသိပေးထားပါတယ်။

NUG အထူးတိုင်း စစ်ဌာနချုပ် ဗုံးကြဲခံရတဲ့ ဖြစ်စဉ်အတွင်း CDM တပ်ကြပ်ကြီး နေဝင်းအောင်နဲ့ PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားအပါအဝင် PDF ရဲဘော် ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှာ တိုင်းစစ်ဌာန ၁၀ ခု နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဗုံးကြဲခံရတဲ့ အထူးတိုင်းစစ်ဌာနဟာ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ပဲခူတိုင်းတို့မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.