တနင်္သာရီတိုင်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးပျောက်ဆုံးသူ များလာ

ထားဝယ်၊ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးမြေပြိုမှုကြောင့် သေဆုံးပျောက်ဆုံးသူ ဆယ်နဲ့ချီ ရှိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ ထားဝယ်ခရိုင်ရဲ့ လောင်းလုံး၊ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

ရေကြီးမြေပြိုမှုကို လောင်းလုံးမြို့နယ်မှာ အဆိုးဝါးဆုံး ခံစားနေရတာ ဖြစ်ပြီး မြေပြိုမှုကြောင့် နေအိမ် ၅၀ ထက်မနည်း မြေနစ်မြှုပ်သွားသလို ကနဦး အချက်အလက်တွေအရ သေဆုံးသူ ၃ ဦးထက်မနည်း ရှိနေပြီး ပျောက်ဆုံးသူ ၃၀ နီးပါး ရှိနေပါတယ်။

သရက်ချောင်းမြို့နယ်မှာ ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၀ ထက်မနည်း ရေကြီးနစ်မြှုပ်နေပြီး ကျွဲနွားတိရစ္ဆာန် အများအပြားသေဆုံးတာတွေ ရှိနေပြီး ဒေသခံအများအပြား ပိတ်မိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အလားတူ ထားဝယ်မြို့မှာလည်း ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကျေးရွာ ၂၀ နီးပါး ရေနစ်မြှုပ်နေပြီး ရေးဘေးသင့်သူ သောင်းနဲ့ချီ ရှိနေပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ထားဝယ်၊သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေ ရေကြီးတာနဲ့မြေပြိုတာကြောင့် သဘာဝဘေးဒဏ်သင့်သူ သိန်းချီရှိနေပြီး ဘေးလွတ်ရာ နေရာတွေကို မိမိအစီအစဉ်နဲ့ ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

ရေကြီးမြေပြိုမှုကြောင့် ထားဝယ်ခရိုင်အတွင်း ပြည်ထောင်စုလမ်းပိုင်းတချို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်မှု မြင့်တက်လာပါတယ်။

တနင်္သာရီတိုင်းရဲ့ ရေကြီးမြေပြိုမှုကြောင့် ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း တိုင်းနဲ့ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံ အကူအညီ တောင်းခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.