နယူးယောက်၊ စက်တင်ဘာ ၂၆

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက သူ့နိုင်ငံအနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို သီတင်းတစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမယ့် သဘောတူညီမှုကို အမေရိကန်ထံ အဆိုပြုထားကြောင်း ပြောပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောကြားချိန်မှာ လိုအပ်တဲ့ သတ်မှတ်ချက်တွေ ပြည့်မီခဲ့မယ်ဆိုရင် အဲဒီ သတ်မှတ်ချက်တွေဟာ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာအတိုင်း ဖြစ်မယ်ဆိုရင် ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ဖို့ ဖြစ်နိုင်တယ်လို့ ဝန်ကြီး အာရက်ချီက ပြောပါတယ်။

အခုအချိန်မှာ ရွေးးချယ်ဖို့က အမေရိကန်အပေါ်မှာ မူတည်နေကြောင်းနဲ့ အဲဒီအစီအစဉ်ကို ကာတာကတဆင့် အမေရိကန်နိုင်ငံထံ ပေးပို့ထားတယ်လို့ ဖြည့်စွက် ပြောဆိုပါတယ်။

အီရန်ရဲ့ အဲဒီ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အမေရိကန် အရာရှိ တစ်ဦးက ကြားခံ ညှိနှိုင်းပေးသူတွေက နျူကလီးယားကိစ္စတွေ အပါအဝင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောထားပါတယ်။

အခု သီတင်းပတ် စောစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန် အနေနဲ့ သဘောတူညီမှုကို မကြာခင် မရယူရင် အမြစ်ဖြတ် ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်လာခဲ့တာပါ။

အီရန်က အမေရိကန်ရဲ့ ပင်လယ်ကွေ့နဲ့ အာရပ် ပင်လယ်ကွေ့မဟာမိတ် နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့သလို ဟောမု့ဇ် ရေလက်ကြားကိုလည်း ပိတ်ထားလိုက်ပါတယ်။

စစ်ပွဲ မစခင်က ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းခဲ့တဲ့ ရေလက်ကြား ပိတ်ထားတာကြောင့် စွမ်းအင် ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့ပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းရှာဖွေဖို့ ထရန့် အပေါ်မှာလည်း ဖိအားတွေ ရှိလာပြီး အထူးသဖြင့် နိုဝင်ဘာ လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်ခင် ဖိအား ပိုများလာနေတာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်မှာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာက အပစ်အခတ် ရပ်စဲပြီး ဟောမု့ဇ် ရေလက်ကြား တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ အိုမန်နဲ့ ဆွေးနွေးပြီးတော့ ရေလက်ကြားကို ဘေးကင်းစွာ အကောင်းဆုံး အသုံးပြုနိုင်မယ့် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့လည်း သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ ပြန်စခဲ့တာကြောင့် အချိန်တိုအတွင်း ပျက်ပြယ်ခဲ့ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.