ဝါရှင်တန် ၊ စက်တင်ဘာ ၁၁

ဟစ်ဇဘိုလာအဖွဲ့နဲ့ အရှေ့အလယ်ပိုင်းဒေသရှိ အီရန် ကိုယ်စားပြု တခြား လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတဲ့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်ကြောင်း အမေရိကန် အစိုးရက စက်တင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။

အမေရိကန်က အီရန်ကို စီးပွားရေးအရ အထီးကျန်အောင် အရှိန်မြင့် ကြိုးပမ်းနေချိန်မှာ အခုလို အရေးယူမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နောက်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သြဂုတ် ၂၄ ရက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပထမဆုံး ကြေညာခဲ့တဲ့ စီးပွားရေး သင်းကွဲ ဖြစ်ရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်က တီဟီရန်အနေနဲ့ စစ်ပွဲ ဆက်လက် ဆင်နွှဲဖို့ အသုံးပြုနေတဲ့ ရန်ပုံငွေတွေကို တားဆီးရေး ရည်ရွယ်တာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ ဒုံးကျည် ထုတ်လုပ်ရေး၊ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ရေး၊ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို ကူညီ ထောက်ပံ့ရေး အဲဒီ ဝင်ငွေတွေကိုအသုံးချနေတာကြောင့် အမေရိကန်က အခုလို အရေးယူ ပိတ်ဆို့တာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေး ရုံးရဲ့ စက်တင်ဘာ ၁၀ ရက် အရေးယူ ဆောင်ရွက်မှုတွေက အီရတ်၊ လက်ဘနွန်နဲ့ တူရကီတို့ရှိ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် အရေးယူတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ကွပ်ကွဲမှုအောက်ရှိ အီရတ် လက်နက်ကိုင်အဖွဲ့ ခါတာအိဗ် ဟစ်ဇ်ဘိုလာအဖွဲ့၊ လက်ဘနွန် ရှီယားပါတီ ဟစ်ဇ်ဘိုလာ အဖွဲ့တို့ကို ကူညီ ထောက်ပံ့နေသူတွေ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှု ၃၉ ခုနဲ့ ပတ်သက်လို့ အများပြည်သူဆိုင်ရာ ယုံကြည် စိတ်ချရမှုအတွက် ဖြေရှင်းရေး အမေရိကန်နိုင်ငံသား တစ်ဦးက ကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်း ပေးလျော်ဖို့ သဘောတူထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

အီရန်ရဲ့ ငွေကြေး ခဝါချမှု ဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားမှုတွေနဲ့ ပတ်သက်လို့ သတင်းဖွင့်ချပေးဖို့လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

အီရန်နဲ့ ဆက်စပ်တဲ့ လိုင်စင် တောင်းဆိုမှုတွေကို ခြွင်းချက်ပြုထားတဲ့ အခြေအနေတွေက လွဲလို့ ပယ်ချမှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ကြေညာချက် တစ်ရပ်ကိုလည်း ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

အီရန်နဲ့ ဆက်စပ်တဲ့ လိုင်စင် တောင်းဆိုမှု အများစုကို ချက်ချင်း ပယ်ချသွားမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လိုင်စင် ထုတ်ပေးရေးဌာနက ပြောထားပါတယ်။

အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှု၊ ပင်လယ်ကွေ့ရှိ အမေရိကန် စစ်မှုထမ်းတွေ၊ လက်တွဲဖော်တွေကို တိုက်ခိုက်မှု၊ နျူကလီးယား လက်နက် ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းမှုတွေ အပါအဝင် သူတို့ရဲ့ အပြုအမှုတွေ ပြောင်းလဲချိန် အထိ လိုင်စင် ထုတ်ပေးရေး မူဝါဒတွေကို ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကျရှုံးတော့မယ့် အီရန်အစိုးရနဲ့ အတူ ဆက်လက် ရပ်တည်နေသူတွေ၊ အဖွဲ့အစည်းတွေကို အခုလို ပစ်မှတ်ထား အရေးယူတာ ဖြစ်တယ်သိရပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အကြမ်းဖက်မှု၊ ငွေကြေး ခဝါချမှု ဒါမှမဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန် ရှောင်ရှားနိုင်အောင် ကူညီပေးသူတွေကို မိမိတို့ ရှာဖွေ ဖော်ထုတ်ပြီး အမေရိကန် ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်သွားမှာ ဖြစ်သလို အီရန် အစိုးရ ဆက်လက် လည်ပတ်နိုင်ရေး ကူညီပေးနေတဲ့ ကွန်ရက်တွေကို ဖြိုခွင်းသွားမှာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.