ဝါဆော စက်တင်ဘာ ၁၁
ပိုလန်နိုင်ငံ ဒနက်ရှ်မြို့မှာ အစားအသောက်အရည်အသွေး စစ်ဆေးရေးအာဏာပိုင်တွေက မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ဆန်ဖြူ တန်ချိန် ၂၅၀ ကို ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။
စက်တင်ဘာ ၁၀ ရက်က ဆန်တင်ပို့မှုကို စစ်ဆေးရာမှာ ပိုးမွှားသေကောင်တွေနဲ့ ပိုးမွှားတွေရဲ့ အကြွင်းအကျန်တွေကို တွေ့ရှိခဲ့တာကြောင့် အခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ပိုလန်နိုင်ငံ စိုက်ပျိုးရေးနဲ့ အစားအသောက်အရည်အသွေး စစ်ဆေးရေးအာဏာပိုင်အဖွဲ့ IJHARS က လူမှုကွန်ရက် X မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့ ပိုးမွှားအမျိုးအစားကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။
ဆန်တင်သွင်းမှုကို ဈေးကွက်ထဲ မဝင်ရောက်နိုင်အောင် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ဟာ ချက်ချင်းအကျိုးသက်ရောက်မှုရှိတဲ့ အမိန့် ဖြစ်တယ်လို့ IJHARS က ဆိုပါတယ်။
ပိုလန်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ အော်ဂဲနစ် ဂျက်စမင် ဆန် တန်ချိန် ၄၀ ကို ဈေးကွက်အတွင်း ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။
အဲဒီတုန်းကတော့ ဆန်ထုပ်ပေါ်မှာ ဖော်ပြထားတဲ့ အညွှန်းစာသား မမှန်ကန်တာ ကြောင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
IJHARS ညွှန်ကြားရေးမှူး တိုမက်စ် ဘီယာလက်စ် ရဲ့ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်းမှာ နိုင်ငံခြားနိုင်ငံတွေက တင်သွင်းလာတဲ့ စိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်တွေကို ဈေးကွက်တင်ရောင်းချခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ၃၅ ကြိမ် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ကုန်ပစ္စည်းအသုတ် ၅၆ သုတ် ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာတော့ အလားတူ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် အကြိမ် ၆၀ ထုတ်ပြန်ခဲ့ပြီး ကုန်ပစ္စည်းအသုတ် ၇၅ သုတ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပိုလန်အာဏာပိုင်တွေက စိုက်ပျိုးရေးနဲ့ အစားအသောက်ထုတ်ကုန်တွေကို စစ်ဆေးရာမှာ ယူကရိန်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ အာဂျင်တီးနား တို့က တင်သွင်းလာတဲ့ ထုတ်ကုန်တွေကို မကြာခဏ စစ်ဆေးလေ့ရှိတယ်လို့ ဆိုပါတယ်။
Ref:tvpworld

