ဘားအံ၊ သြဂုတ် ၂၆

ကရင်ပြည်နယ် ဘားအံမြို့က စက်သုံးဆီဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာကြောင့် စက်သုံးဆီတွေ ဝယ်ယူရရှိမှု ခက်ခဲလာနေပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရမှုတွေ ပြန်လည်ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အစိုးရက စက်သုံးဆီခွဲတမ်းတွေကို လျှော့ချပေးလိုက်တာကြောင့်ဆိုပြီး ဩဂုတ်လလယ်ပိုင်းကစလို့ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ဘားအံမြို့က စက်သုံးဆီဆိုင်ကြီးတွေဟာ အကန့်အသတ်နဲ့သာ ပြန်လည်ရောင်းချပေးနေခဲ့တာဖြစ်တာကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ပြန်လည်ဝယ်ယူနေရတာပါ။

ဘားအံမြို့မှာ စက်သုံးဆီဆိုင်ကြီးတွေက စက်သုံးဆီကားတွေ ရောက်ရှိလာမှသာ ရောင်းချပေးနေတာကြောင့် ဒေသခံပြည်သူတွေဟာ စက်သုံးဆီရရှိဖို့အတွက် အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတာရှိသလို စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီမရှိဘဲ ပိတ်ထားရတာတွေ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အစိုးရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဩဂုတ် ၂၅ ရက်နေ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ် ဘားအံမြို့မှာ ဓာတ်ဆီ 92 တစ်လီတာ ၃၆၈၅ ကျပ်၊ 95 တစ်လီတာ ၃၈၀၀ ကျပ် ဈေးနှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုသတ်မှတ်ထားတဲ့ စက်သုံးဆီဈေနှုန်းတွေကို စက်သုံးဆီဆိုင်ကြီးတွေမှာ သွားရောက်စောင့်ဆိုင်း တန်းစီဝယ်ယူနေရတာဖြစ်ပြီး ပြင်ပ စက်သုံးဆီရောင်းချမှုဈေးကွက်မှာတော့ ၁ လီတာကို ကျပ် ၁၀၀၀၀ အထိ ဈေးပေါက်နေပြီး ဒေသခံတွေက ဈေးနှုန်းကြီးကြီးနဲ့ ဆက်လက်ဝယ်ယူအသုံးပြုနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ စက်သုံးဆီဆိုင်ကြီးတွေဟာ ခွဲတမ်းရရှိနေတဲ့ စက်သုံးဆီတွေကို ဒေသခံပြည်သူတွေအသုံးပြုဖို့အတွက် စက်သုံးဆီအနည်းငယ်သာရောင်းချပေးနေပြီး စက်သုံးဆီအများစုကိုတော့ ပြင်ပဈေးကွက်ဘက်ကို ရောင်းချမှုပိုမိုများပြားနေတယ်လို့ ပြောဆိုမှုတွေရှိနေခဲ့တာပါ။

ကရင်ပြည်နယ်မှာ စက်သုံးဆီတွေ ပြတ်တောက်မှုဖြစ်ပွားတာ၊ လိုအပ်သလောက် ဝယ်ယူလို့မရတာတွေအပြင် ပြင်ပဈေးကွက်ကနေ ဈေးနှုန်းမြင့်မားစွာ ဝယ်ယူနေရတာတွေကြောင့် ဆန် ကြက်သွန် အာလူး ကြက်ဥ အစရှိတဲ့ အခြေခံကုန်ဈေးနှုန်းတွေ သွားရေးလာရေးတွေစတဲ့ ကုန်ဈေးနှုန်းမြင့်မားမှုတွေ ဒေသခံပြည်သူတွေ ရင်ဆိုင်ကြုံတွေ့လာနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.