ကော့ကရိတ်မှာ စက်လှေမှောက်လို့ ကျောင်းဆရာမတစ်ဦးသေဆုံး

ကော့ကရိတ်၊ ဩဂုတ် ၂၆

ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ခိုက်နဲ့ နွားခြံကုန်းရွာကြားမှာ စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ကော့ခိုက်ကျေးရွာကနေ နွားခြံကုန်းကျေးရွာကို သွားတဲ့ လူငယ် ၈ ဦးပါ စက်လှေဖောင်တစ်စီးဟာ ဝိတ်များပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစက်လှေဖောင်ဟာ သေဆုံးသူ ကျောင်းဆရာမ အပါအဝင် လူ ၈ ဦး၊ ဆိုင်ကယ် ၂ စီးနဲ့ ကုန်ပစ္စည်းတချို့ တင်ဆောင်လာတာဖြစ်ပြီး ဝန်အားမနိုင်တာကြောင့် တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

စက်လှေတိမ်းမှောက်မှု သေဆုံးသွားတဲ့ ကျောင်းဆရာမဟာ နွားခြံကုန်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းက အသက် ၃၀ အရွယ် အလယ်တန်းပြဆရာမ နော့ဦး ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းဆရာမ နော့ဦးတို့အဖွဲ့ဟာ ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတချို့ သွားရောက်ဝယ်ယူစဉ် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းဆရာမ နော့ဦးရဲ့ ရုပ်အလောင်းကိုတော့ အခင်းဖြစ်ပြီး အချိန် ၂ နာရီကျော်အကြာ လှေမှောက်တဲ့ နေရာအနီးဝန်းကျင်မှာပဲ ဒေသခံတွေက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ကလည်း ရေကြီးနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လှိုင်ကနီကျေးရွာမှာ ခရီးသည် ၁၁ ဦးပါ စက်လှေတိမ်းမှောက်ခဲ့ပေမယ့် အားလုံးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.