မကွေး ဩဂုတ် ၂၅
မကွေးတိုင်း စလင်းမြို့နယ် အခြေစိုက် အာဏာသိမ်းစစ်တပ် တပ်ရင်းတွေဟာရှေ့တန်းပြန်ပြီး တစ်လမပြည့်ခင်မှာတင် ရခိုင်ကို စစ်ပြန်ထွက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က ရခိုင်စစ်မြေပြင်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ခလရ ၂၅၃၊၂၅၄ တပ်တွေဟာ သြဂုတ် ၂၅ ရက်နေ့မှာ ရခိုင်ဘက်ကို ပြန်ထွက်ရတာလို့သိရပါတယ်။
“လောလောဆယ်က သူတို့ရခိုင်နဲ့ မကွေးအစပ်နေရာတွေကို ရှေ့ပြန်ထွက်ရတယ်လို့ သိရတယ်။ စစ်တပ်က အဲဒီအစပ်နေရာတွေကို အင်အားအများအပြားဖြည့်တင်းနေတာကိုလည်း တွေ့ရတယ်။ အကျအဆုံးလည်း များနေတာကြောင့် ဒီလိုမျိုး တစ်လပြည့်အောင်တောင် မနားရတာဖြစ်မယ်။”လို့ တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စလင်းအခြေစိုက် ခလရ ၂၅၃၊၂၅၄ တပ်က အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့စစ်တပ်ရဲ့တပ်သားတွေဟာ ကားကြီး ၁၅ စီးနဲ့ စလင်းမြို့နယ်ကနေ မကွေးမြို့ဘက်ကို သြဂုတ် ၂၅ ရက်မှာ ထွက်ခွာသွားတာပါ။
သြဂုတ် ၂၄ ရက်ကလည်း အင်အား ၇၀၀ ဝန်းကျင်ပါတဲ့ စစ်တပ် ကားကြီး ၃၅ စီးဟာလည်း မကွေးမြို့ပေါ်ကတဆင့် ရခိုင်ပြည်နယ် တောင်ကုတ်ဘက်ကို ဦးတည်ထွက်ခွာခဲ့ပါသေးတယ်။
စလင်းအခြေစိုက် ခလရ ၂၅၃၊၂၅၄ တပ်က အာဏာသိမ်းစစ်တပ် စစ်သားတွေကိုဇူလိုင် ၂၇ ရက်မှာ ရှေ့တန်းပြန်ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး တပ်ရင်းတစ်ရင်းကို ငွေကျပ် သိန်း ၃၀ နှုန်းနဲ့ သိန်း ၆၀ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တပ်နယ်မှူးတို့က ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ခလရ ၂၅၃ ၂၅၄ တပ်တွေဟာ ၂၀၂၄ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် ငဖဲနဲ့ အမ်းမြို့နယ်တွေကို စစ်ကူပို့ဆောင်ခံခဲ့ရတာဖြစ်ပြီး အခု ရှေ့တန်းပြန်ထွက်ရတာတော့ ဘယ်မြို့နယ်တွေဖြစ်တယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်

