ချောင်းဆုံ၊ ဩဂုတ် ၂၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာမှာ အသက် ၇၆ နှစ်အရွယ် အဖိုးအဖွား လင်မယားအား သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သားမက်ဟောင်းဖြစ်တဲ့ အမျိုးသားကို ဖမ်းဆီးရမိထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဩဂုတ် ၂၄ ရက်နေ့ နေ့လည်ပိုင်းက လူသတ်မှု ကျူးလွန်ပြီး တိမ်းရှောင်ဖို့ ကြိုးပမ်းနေတဲ့ သမက်ဟောင်းဖြစ်သူ ကိုအောင်အောင်ကို မော်လမြိုင်မြို့ ဒေါင်းဇရပ်က နီလာရွှေစင်ဆီဆိုင်အနီးမှာ ရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးနိုင်ခဲ့တာပါ။
“ သူက သူမိန်းမနဲ့ကွာရှင်းထားတာကြာပြီ။အခင်းဖြစ်တဲ့နေ့က အိမ်မှာ ရှိနေတဲ့ သူကလေးကို မသတ်ဘဲ အဖိုးအဖွားနှစ်ယောက်ကိုပဲ သတ်သွားတာ။ သူက ဆေးလည်းသုံးတယ်။ အရက်သေစာလည်း သောက်စားတတ်တော့ ခြံရောင်းထားတဲ့ ပိုက်ဆံတွေလည်းရှိတာကို ကြားထားတော့ လုပ်သွားတာ”လို့ ရွာခံ တစ်ဦးက ပြောပါတယ်။
ဖမ်းမိချိန် ကိုအောင်အောင်အား စစ်ဆေးမေးမြန်းရာမှာ လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားသလို လူသတ်မှုဖြစ်ချိန်က ယူဆောင်သွားတဲ့ အဖွားရဲ့ အလေးချိန် ၂ ရွေး ၃ စိပ်ရှိ နားကပ် တစ်ရံကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ ကိုအောင်အောင်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့ မနက်ပိုင်းက ယောက္ခမ တော်စပ်ခဲ့ဖူးသူ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင် နေအိမ်ကို ဝင်ရောက်လာပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်နေတဲ့ ဦးမောင်တင်နဲ့ အိမ်ရှေ့အိပ်ခန်းမှာ အိပ်နေတဲ့ ဒေါ်ရင်မေတို့ကို ဓားနဲ့ထိုးသတ်ခဲ့ပြီး သူရဲ့ ကလေးဖြစ်သူကိုတော့ မသတ်ဘဲ ထားရစ်ခဲ့တယ်လို့ သိရပါတယ်။
ကိုအောင်အောင် လက်ချက်နဲ့ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင်မှာ ဦးခေါင်းယာဘက်ဂျိုစောင်း သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာမေးရိုးပြတ်ရှဒဏ်ရာ၊ ဒေါ်ရင်မေဟာ လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိပြီး သေဆုံးသွားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသတ်မှု ကျူးလွန်ခဲ့တဲ့ ကိုအောင်အောင်ကို ချောင်းဆုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

