ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းမှာ ကားအစီးရေ ရာချီ ပိတ်မိနေ

ကြာအင်းဆိပ်ကြီး၊ ဩဂုတ် ၂၅

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဇမိမြစ် ရေကြီးနေတာကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းမှာ ကားအစီးရေ ရာချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဇမိမြစ်ရေ ဆက်လက်မြင့်တက်လာတာကြောင့် ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းဖြစ်တဲ့ လှိုင်ကနီ၊ လှာကဒါ၊တောက်ပေါက်ကျေးရွာလမ်းပိုင်းတွေမှာ ကားလမ်းပေါ် ရေ ၃ ပေကနေ ၄ ပေလောက်အထိ မြင့်တက်လာခဲ့ပါတယ်။

ရေကြီးမှုကြောင့် ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းမှာ အတက်အဆင်းကား အစီး ၁၀၀ ကျော်ဟာ ပိတ်မိနေတာ ၅ ရက် ရှိလာပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေကြတာပါ။

လက်ရှိမှာတော့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတချို့ဟာ ပါလာတဲ့ပိုက်ဆံတွေနဲ့ နီးစပ်ရာ ဈေးဆိုင်တွေမှာ ထမင်းစားသောက်ရေးအတွက် ဖြေရှင်းနေရပြီး ဘုန်းကြီးကျောင်းတွေမှာ ညအိပ်တည်းခိုနေကြရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မိုးဆက်လက် ရွာသွန်းမှုနဲ့အတူ ကားလမ်းပေါ်မှာ ရေတက်တွေ ထပ်မံမြင့်တက်လာပြီး ရေ ထ ရက်လည်း ရောက်လာတာကြောင့် ရေကြီးမှု အန္တရာယ်နဲ့ ထပ်မံရင်ဆိုင်ရနိုင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ကလည်း ရေကြီးနေချိန် လှိုင်ကနီအင်းကို လှေနဲ့ဖြတ်ကူးတဲ့ ခရီးသည် ၁၁ ဦး လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်ခဲ့ပေမယ့် ခရီးသည်အားလုံးကို ဒေသခံတွေက အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.