ပလက်ဝ၊ ဩဂုတ် ၂၅
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသားတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို မနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ လှည့်ပတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲမှုကြောင့် စိမ်းညှင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ မူလတန်းကျောင်းတစ်ဦးနဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီဗုံးကြဲမှုကြောင့် အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မှတ်တမ်းဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ မူလတန်းကျောင်းသား ကျောင်းသူတွေအပါအဝင် ပြည်သူ ၆ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် နောက်ထပ် မြင့်တက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ကလည်း ပလက်ဝမြို့နဲ့ ဆမီးမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ကျောင်းသူတွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

