နေပြည်တော် ၊ ဩဂုတ် ၂၆
သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး အရပ်သားအသွင် ပြောင်းလဲပြီးနောက်ပိုင်း အာကာသအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အာကာသနဲ့ ဂြိုဟ်တုနည်းပညာဆိုင်ရာ သဘောတူညီချက် လေးခု ရရှိခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
၂၀၂၈ ခုနှစ်မှာ မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့ စေလွှတ်နိုင်ရေးဟာ အဓိက အရေးကြီးဆုံးအချက်ဖြစ်လို့ ရုရှားနဲ့ မြန်မာစစ်အစိုးရကြား MoU ရေးထိုးပြီး သဘောတူညီချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station တည်ဆောက်ရေးနဲ့ GNSS Station တည်ဆောက်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကို စောင့်ကြည့် ကာကွယ်ရေးအတွက် Station တည်ဆောက်ဖို့ သဘောတူခဲ့ကြတာပါ။
ပြည်သူတွေကတော့ လက်ရှိ တိုင်းပြည်ဟာ စစ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံ ချွတ်ခြုံကျနေချိန်မှာ အာကာသယာဉ်နဲ့ အာကာသယာဉ်မှူး စေလွှတ်ရေးဟာ အခြေအနေနဲ့ အချိန်အခါ ကိုက်ညီမှု မရှိတာကြောင့် ရီစရာဖြစ်နေတယ်ဆိုပြီး အမျိုးမျိုး ဝေဖန်ကြပါတယ်။
မွန်ပြည်နယ် ဒေသခံတစ်ဦးက အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အသွင်ပြောင်းအစိုးရရဲ့ သမ္မတအနေနဲ့ ဘယ်လောက်အနေအထားကို ရောက်ရှိပြီး နိုင်ငံတကာမှာ ဘယ်လောက် ဝင်ဆံ့နေပြီလဲဆိုတာကို ပြချင်ရုံ သက်သက်ပဲလို့ သူ့အမြင်ကို ပြောပါတယ်။
“အဓိကတော့ သူ (မင်းအောင်လှိုင်) စိတ်ဖြေတာပေါ့။ သူက ဘယ်လောက် အနေအထားတစ်ခု ရောက်နေပြီလဲ။ နိုင်ငံတကာမှာ ဘယ်လောက် ဝင်ဆံ့နေပြီလဲဆိုတာကို ပြချင်ရုံ သက်သက်ပဲလို့ ထင်တာပေါ့။ အဓိက အဆောက်အဦတစ်ခု ဆောက်တာက တစ်နေ့တည်း တစ်ညတည်းနဲ့ ပြီးတာ မဟုတ်ဘူး။ အာကာသ Station တွေ ထောင်မယ် ဘာညာပေါ့။ ကျွန်တော်တို့လည်း ဖတ်ရ ကြားရတာဆိုတော့ အဲဒါဆောာက်ဖို့ အဆောက်အဦးတစ်ခုဆောက်ဖို့က နှစ်နှစ်မက ကြားဦးမယ်လေ။ ဒီအာကာသယာဉ်မှူးတစ်ယောက်ကို Train ဖို့အတွက် ကုန်ကျငွေတွေက အများကြီး ဘီလီယံနဲ့ချီ ဖြစ်နေဦးမှာပဲ”လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ကျပ်တည်းလာနေတဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်းရေး၊ ငွေကြေးဖောင်းပွမှု လျော့ကျရေးနဲ့ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် မလုပ်ဘဲ အခြားကိစ္စတွေကို လျှောက်လုပ်နေရင် အဆင်မပြေဖြစ်နေဦးမှာပဲလို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ အသွင်ပြောင်းစစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ပြည်သူတွေဟာ တရိပ်ရိပ် တက်လာနေတဲ့ ကုန်ဈေးနှုန်းဒဏ်ကို အလူးအလဲ ခံစားနေကြရတာပါ။
တစ်ဘက်မှာ စစ်တပ်ရဲ့ ပစ်မှတ်မခွဲခြားဘဲ အရပ်သားတွေနဲ့ အများဆိုင်ရာအဆောက်အအုံတွေကို ဦးတည်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေကြေပျက်စီးမှုတွေအပါအဝင် နေရပ်စွန့်ခွာသူဦးရေနဲ့ စားနပ်ရိက္ခာ မဖူလုံမှုကလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ လူပေါင်း ၁၂ ဒသမ ၄ သန်း ဒါမှမဟုတ် လူ လေးဦးမှာ တစ်ဦး ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု အများဆုံး စာရင်းရဲ့ နံပါတ် ၆ နေရာမှာ ရှိနေတာပါ။ ပြည်တွင်းမှာလည်း လူပေါင်း ၄ သန်းလောက် ထွက်ပြေးနေရဆဲ ဖြစ်ပြီး ကလေးငယ် ၃၆၀၀၀၀ လောက် ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အခုလို မြန်မာပြည်သူတွေ ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေကြရချိန်မှာ ဦးမင်းအောင်လှိုင်ကတော့ ကမ္ဘာမြေနဲ့ မိုင်သန်းပေါင်းများစွာ အလှမ်းဝေးကွာတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းလာနေတာပါ။
နောက်ထပ် မွန်ပြည်နယ် ဒေသခံတစ်ဦးကလည်း ဘတ်ဂျက်ဟာ အဓိက ကျသလို အာကာသဆိုင်ရာ အတွေ့အကြုံတွေ သုတေသနတွေနဲ့ ခရီးစဉ်တွေကလည်း နှစ်နဲ့ချီ အချိန်ပေးရတာကြောင့် စိတ်ကူးယဉ်နေတာလို့ ဝေဖန်ပါတယ်။
“သူ့အိပ်မက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါကို အကောင်အထည်ဖော်ဖို့ကျတော့ ကျွန်တော်တို့ နိုင်ငံမှာ ဘတ်ဂျက်က အဓိကပဲ။ ဒါပေမယ့် အဲဒီဟာကို အာကာသအတွေ့အကြုံတွေ ရှိသေးတယ်။ နောက်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို ကြည့်ပြီးတော့ အာကာသထဲ သွားမယ်ဆိုရင် ရက်ပိုင်း လပိုင်းနဲ့ သွားလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ သုတေသနတစ်ခုလုပ်တယ်ဆိုတာ နှစ်နဲ့ချီပြီး အချိန်ပေးရတဲ့ ကိစ္စတွေ။ အဲဒီဘတ်ဂျက်တွေနဲ့ဟာကို သူတို့က ဘာမှ မတွေးဘဲနဲ့ လတ်တလော အမြင်ကောင်းအောင် အာကာသယာဉ်မှူးလောင်းတွေ ရွေးချယ်ထားတယ်၊ (ပြည်ပကို) သင်တန်းတွေ လွှတ်တယ်ဆိုတာ ဒါတော့ စိတ်ကူးယဉ်နေတယ်လို့ပဲ ကျွန်တော်တို့ ပြောရမှာပေါ့”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (MSA) က ဆောင်ရွက်ပြီးစီးခဲ့တဲ့ နည်းပညာလုပ်ငန်းတွေ အပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ရန်ကုန်မြို့ မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံကနေ အာကာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အာကာသယာဉ်မှူးလောင်းတွေကို ပဏာမ ရွေးချယ်ထားပြီးဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။ အဲဒီကနေ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီးရင်တော့ နိုင်ငံအတွက် ပထမဆုံး အာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ ပြောကြားထားတာပါ။
ဒါ့အပြင် အာကာသနဲ့သက်ဆိုင်တဲ့ နည်းပညာရပ်တွေ သင်ကြားနိုင်ရေးနဲ့ အာကာသပဏာမယာဉ်မှူးတွေ မွေးထုတ်ပေးနိုင်ရေးအတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက စတင်ခဲ့ပြီး ပြည်ပကို ပညာတော်သင်တွေ စေလွှတ်ခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ အာကာသနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံကနေ ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ မြန်မာအာကာသအေဂျင်စီကို စနစ်တကျ ဖွဲ့စည်းကာ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေ ရောက်ရှိလာခဲ့ပြီလို့ ဦးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PPIB

