မော်လမြိုင် ၊ ဩဂုတ် ၁၈

မွန်ပြည်နယ်အတွင်းရှိ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေ ဌာနဆိုင်ရာ လုပ်ငန်းတွေအတွက် ဘတ်ဂျက် ပိုတောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး မြေပြင်မှာ အမှန်တကယ် မလုပ်ကိုင်ခဲ့ဘူးလို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ် စာရင်းစစ်ချုပ်ရဲ့ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်တတိယ ပုံမှန် အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။

အဲဒီအစီရင်ခံစာအရ ဘက်ဂျက် ပိုတောင်းမှုအနေနဲ့ အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ ကျိုက်ထိုခရိုင် ရုံးဝင် ခြံစည်းရိုး ကာရံတဲ့ လုပ်ငန်းမှာ မြေပြင်ကွင်းဆင်း စိစစ်ချက်အရ ပေ ၉၀၀ သာ ရှိပေမယ့် ပေ ၉၃၀ အထိ တိုးမြှင့်တောင်းခံခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရဲ့ Electrical Turkey လုပ်ငန်း ၂၀ နဲ့ ဌာနက ဆောင်ရွက်တဲ့ လုပ်ငန်း ၁၀ ခုမှာလည်း ခန့်မှန်းခြေ ငွေစာရင်း တွက်ချက်မှုတွေမှာ ခွင့်ပြု စံနှုန်းနဲ့မညီတဲ့အပြင် မြေပြင်မှာ အပြည့်အဝ ဆောင်ရွက်မှု မရှိတာကို တွေ့ရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုစင်တာရဲ့ မြေထိန်း နံရံ ကျောက်စီတာ၊ ယဉ်ကျေးမှု ပြတိုက် တည်ဆောက်တာ၊ ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးရဲ့ ဆိုလာရေတင် လုပ်ငန်း ၈ ခုနဲ့ ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ လုပ်ငန်း ၃ ခုမှာလည်း အခြေခံ စံနှုန်းနဲ့အညီ ရေဆွဲထားတာ မရှိဘူးလို့ ဆိုပါတယ်။

ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရဲ့ ကျိုက်ထို မြို့တွင်း ဓာတ်အားခွဲရုံဝင်းအတွင်းက ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်း အိမ်ယာ ဆောက်လုပ်တာနဲ့ ၄ လက်မ အဝီစိတွင်း တူးတဲ့လုပ်ငန်းတွေဟာလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ထားတဲ့ အခြေခံစံနှုန်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

‌မော်လမြိုင် စည်ပင်သာယာရေးအဖွဲ့ပိုင် မြိုင်ရတနာဈေးဝင်းအတွင်း စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ငှားရမ်းတာ၊ ဒိုင်းဝန်ကွင်း ဈေးကြီးဝင်းအတွင်းရှိ RC ၃ ထပ် အဆောက်အဦး ငှားရမ်းတာနဲ့ ရာမည တိုးချဲ့ ကမ်းနားလမ်းက သဲသောင်းပြင်နေရာ ငှားရမ်းတဲ့ နေရာမှာ ဌာရမ်းခ စာချုပ် ချုပ်ဆို ထားတာ မရှိသလို တဆင့် ငှားရမ်း ဖွင့်လှစ်ထားတာ၊ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာ တွေလည်း မရှိဘူးလို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သထုံမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ကွန်ကရစ်တိုင်တွေ စိုက်ထူးပြီး ဖိုင်ဘာကြိုးတွေ သွယ်တန်း ချိတ်ဆက်ရေး လုပ်ငန်း ၄ ခုအတွက် သဘောတူ စာချုပ် ချုပ်ဆိုပြီး ငှားရမ်းခဲ့ပေမယ့် ငှားရမ်းသူတွေ ပေးဆောင်ရမယ့် ကုန်သွယ်ခွန်တွေကိုလည်း ပေးဆောင်တာ မရှိဘူးလို့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အခုလို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်အပေါ် တာဝန်ရှိသူ အဆင့်ဆင့်ကို အလေးထား စိစစ် ကြပ်မတ်ဖို့ လိုသလို အခွန်ရငွေတွေ ကျန်ရှိတာ၊ ဆိုင်ခန်း ငှားရမ်းမှုတွေမှာ စာချုပ် မချုပ်ဆိုတဲ့အပေါ် တာဝန်ပေါ့ဆတဲ့ သူတွေကို အရေးယူသင့်တယ်လို့ ကိုယ်စာလှယ်တွေက ထောက်ပြထားပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရန်ပုံငွေဟာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း လက်ထက်မှာ သုံးစွဲခဲ့တဲ့ ရန်ပုံငွေတွေ ဖြစ်ပြီး ပြည်နယ်အတွင်း သုံးစွဲခဲ့တဲ့ ရန်ပုံငွေစာရင်းကိုတော့ တစ်စုံတစ်ရာ အသိပေး ထုတ်ပြန်ခဲ့တာ မရှိပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရန်ပုံငွေတွေဟာ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာထက် မြေပြင်မှာ ဌာနဆိုင်ရာ အကြီးအကဲတွေ စိတ်ကြိုက်သုံးစွဲပြီး မဖော်ပြတဲ့ ဌာနဆိုင်ရာ လုပ်ငန်း အများအပြား ရှိနိုင်တယ်လို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.