အီရန်နဲ့သဘောတူညီမှုမှာ ကန့်လန့်ဝင်တိုက်နေရင် အိုမန်ကို ဗုံးကြဲပစ်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ သြဂုတ် ၁၈

အီရန်နဲ့ အမေရိကန် ဆွေးနွေးမှုအတွင်း ကြားဝင် ကန့်လန့်တိုက်နေရင် အမေရိကန်ရဲ့ မဟာမိတ် ဖြစ်တဲ့ အိုမန်ကို ဗုံးကြဲပစ်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ရေလက်ကြား ဟောမု့ဇ် ပြန်လည် ဖွင့်လှစ်ရေး အမေရိကန်နဲ့ အိုမန်တို့က အီရန်နဲ့ သီးခြားစီ ဆွေးနွေးညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

အမေရိကန်-အီရန် စစ်ပွဲအတွင်း အဲဒီ ရေလက်ကြားကို ပိတ်ထားတာ ၆ လနီးပါး ကြာပြီ ဖြစ်ပါတယ်။

ဖုန်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း မကြားဝံ့မနာသာ စကားတွေ ပြောဆိုပြီးတော့ အမေရိကန် သမ္မတက အိုမန်ကို ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ Fox News သတင်းထောက်က ပြောပါတယ်။

အိုမန်နဲ့ သဘောတူညီမှု အပြီးသတ်ဖို့ နီးစပ်နေပြီလို့ အီရန် အရာရှိတွေက သြဂုတ် ၁၇ ရက် စောစောပိုင်းမှာ ပြောထားပါတယ်။

ဒီအတောအတွင်း အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေရဲ့ အနာဂတ် မရေရာ မသေချာ ဖြစ်နေပြီး နှစ်နိုင်ငံကြား ရက်ပေါင်း ၆၀ ကြာ နားလည်မှု စာချွန်လွှာကလည်း သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။

အဲဒီ နားလည်မှု စာချွန်လွှာကို သက်တမ်းတိုးသွားမှာလားလို့ မေးမြန်းချိန်မှာ ထရန့်က မတိုးဘူးလို့ သြဂုတ် ၁၇ ရက်က ဘဲဥပုံ ရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖေါ်ဝါရီလက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင် တိုက်ခိုက်ပြီး နောက်ပိုင်း တီဟီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားပါတယ်။

အဲဒီ ရေလက်ကြားဟာ စစ်ပွဲ မတိုင်ခင်က ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အရည် ငါးပုံတစ်ပုံ ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။

အဲဒီ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်ရေးဟာ ဆွေးနွေးမှုတွေရဲ့ အဓိက အချက် ဖြစ်ပါတယ်။

ရေလက်ကြားရဲ့ တောင်ဖက်ခြမ်းမှာ ကပ်လျက် တည်ရှိတဲ့ အိုမန်က သူတို့အနေနဲ့ စစ်ပွဲအတွင်း ကြားနေဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အိုမန်ဟာ အီရန်ရဲ့ တိုက်ခိုက်မှု အတော်များများနဲ့ ရင်ဆိုင်ခဲ့ရပြီး ယခု အချိန်မှာ ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး တီဟီရန်နဲ့ ညှိနှိုင်းမှုအတွင်း အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

ဝါရှင်တန်ကလည်း ရေလမ်းကြောင်း ပြန်ဖွင့်ရေး သူတို့ ကိုယ်ပိုင်နည်းလမ်းနဲ့ ကြိုးပမ်းနေပါတယ်။

အိုမန်ကြားဝင်ပြီး ကန့်လန့်ခံနေရင် သူတို့ မစင်ထွက်သွားအောင် ဗုံးကြဲပစ်မယ်လို့ ထရန့်က ပြောကြားကြောင်း Fox News သတင်းထောက် ထရေး ယင့်စ်က ပြောပါတယ်။

သဘောတူညီမှု တစ်ရပ် ရယူရေး သူရည်မှန်းထားတဲ့ လမ်းကြောင်းမှာ ကန့်လန့်ခံနေတယ်ဆိုတာက ဘယ်လိုမျိုး လုပ်ရပ်ကို ထရန့် ဆိုလိုတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အီရန်ရှိ အဓိက စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အင်အားစု ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နဲ့ တိုက်ရိုက် လျို့ဝှက်လမ်းကြောင်းက အမေရိကန် ဆွေးနွေးနေတယ်လို့လည်း ထရန့်က ပြောပါတယ်။

ထရန့်ရဲ့ အဲဒီလို ပြောဆိုမှုကို IRGC ပြောရေးဆိုခွင့်ရှိသူက ပယ်ချထားပါတယ်။
IRGC အရာရှိတွေနဲ့ အမေရိကန်ကြား ဆွေးနွေးနေတာ မရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက အီရန် အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ Tasnim News သတင်းဌာနသို့ ပြောပါတယ်။

စစ်ပွဲအတွင်း ရှုံးနိမ့်မှုကြောင့် သူကြုံတွေ့ခံစားနေရတဲ့ အာရုံထွေပြားမှုတွေ၊ အိပ်မက်ဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ် အိပ်မက်မျှသာ ဖြစ်ပြီး ထရန့် လိမ်နေတာ ဖြစ်တယ်လို့ IRGC ပြောရေးဆိုခွင့်ရှိသူက ဆိုတာပါ။

ရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းရေး အိုမန်နဲ့ မိမိတို့ကြား သဘောတူညီမှု တစ်ရပ် ရရှိပြီ ဖြစ်ကြောင်း အီရန်က ပြောကြားပြီးနောက် နာရီ အနည်းငယ်အကြာမှာ ထရန့်က အိုမန်ကို ဗုံးကြဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဖြတ်သန်းသွားလာရေး မြေပုံနဲ့ ပတ်သက်လို့ နားလည်မှု ရရှိထားပြီ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမေးလ် ဘာဂဟာအီက သတင်းထောက်တွေကို ပြောထားပါတယ်။

ပူးတွဲ ကြေညာချက် မထုတ်ခင် အသေးစိတ် အချက်အလက်တွေကို အိုမန်နဲ့ နှစ်ဖက် အပြီးသတ် စီစဉ်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

အိုမန်ကတော့ အဲဒီ ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ အရင်က ပြောဆိုခဲ့ဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.