နေပြည်တော် ၊ ဩဂုတ် ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF မှာ အဖွဲ့ဝင်အဖြစ် ဗမာလူမျိုးစုအခြေပြု တော်လှန်ရေးအဖွဲ့အစည်းနှစ်ခု တိုးလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နဲ့ လွှတ်တော် အပါအဝင် မန္တလေးဒေသတို့အကြား ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို အွန်လိုင်းကနေ သီးခြားစီ ပြုလုပ်ခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုအစည်းအဝေးမှာ SCEF ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှု မူဘောင် ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြပြီး အပြုသဘောဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့အသီးသီးက သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့က SCEF နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ တွေ့ဆုံခဲ့မှုအတွင်း ကျန်ရှိနေသေးတဲ့ အသေးစိတ်အချက်အလက်တွေကို တတိယအကြိမ်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါ့အပြင် ဩဂုတ် ၁၄ ရက်နေ့မှာလည်း SCEF နဲ့ မန္တလေးဒေသတို့ တွေ့ဆုံဆွေးနွေးမှုတွေအပြီး မန္တလေးဒေသအနေနဲ့ SCEF မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်တွေ ရယူအတည်ပြုနိုင်ခဲ့ပါတယ်။

အလားတူ စစ်ကိုင်းဖက်ဒရယ်ယူနစ်တာဝန်ရှိသူတွေထံကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်မှာဖြစ်ကြောင်း အကြောင်းပြန်ကြားမှု ရရှိခဲ့တယ်လို့ SCEF ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIO ၊ KNU ၊ CNF နဲ့ ကရင်နီပြည်တို့က မတ်နှောင်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ SCEF အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ NUG ၊ CRPH နဲ့ တိုင်းရင်းသားမဟာမိတ်တွေအပါအဝင် အညာဒေသအခြေစိုက် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ စတဲ့ အဖွဲ့ဝင် ၈ ဖွဲ့အထိ စုဖွဲ့လာနိုင်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်တုန်းကလည်း AA ၊ မွန် နဲ့ ပအိုဝ်း စတဲ့ တိုင်းရင်းသားအင်အားစုတွေအပြင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA နဲ့ အခြားနွေဦးတော်လှန်ရေးအင်အားစုတွေကိုလည်း SCEF က သီးခြားစီ တစ်ဖွဲချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ပထမကြိမ် တွေ့ဆုံထားကြပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြပါတယ်။

မွန်ပြည်နယ်က တော်လှန်ရေးအစုအဖွဲ့တွေအားလုံး တစ်စုတစ်စည်းထဲ SCEF မှာ ပြည်နယ်ကိုယ်စားပြုအဖြစ် ပါဝင်နိုင်ဖို့ ကြိုးစားနေသလို အချင်းချင်းလည်း ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်ကို ဖြေကြားထားတာပါ။

ဩဂုတ် ၇ ရက်နေ့က SCEF ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့နဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ပူးတွဲအစည်းအဝေးမှာ ပူးတွဲ ဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနဲ့ တွဲဖက်အတွင်းရေးမှူး နှစ်ဦးတို့ကို ရွေးချယ်တာဝန်ပေးထားပြီးဖြစ်ပါတယ်။

စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဦးစီးချုပ်တို့ ပါဝင်ပြီး အတွင်းရေးမှူးကိုတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တာဝန်ယူမှာ ဖြစ်ပါတယ်။

ဩဂုတ်ပထမပတ်အတွင်း ကျင်းပခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများအစည်းအဝေးမှာလည်း SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်” ကနေ “မဟာဗျူဟာထိုးစစ်”ကို တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် လုပ်ဆောင်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားမဟာမိတ်တွေထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကတော့ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်တာဟာ ခုခံ တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့ အခြေခံအချက်တွေလို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူနဲ့အတူ ရပ်တည်တာ ပြည်သူကို သစ္စာစောင့်သိတာလည်း ပါဝင်တယ်လို့ ဩဂုတ် ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNPP က ထည့်သွင်းထားတာပါ။

SCEF အနေနဲ့ကတော့ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေးဟာ ရည်မှန်းချက်ဖြစ်တယ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.