ထားဝယ်၊ ဩဂုတ် ၁၈

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထားဝယ်မြို့နယ် အကောက်ခွန် ဒုဦးစီးမှူး ဦးဖြိုးစံဟာ လုံခြုံရေးရဲဘော်ထံမှ လက်နက်လုယူပြီး ပြန်လည်ခုခံကာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ က ထုတ်ပြန်ပါတယ်။

ဒုဦးစီးမှူး ဖြိုးစံဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရချိန် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကို အခွင့်ကောင်းယူကာ လုံခြုံရေးရဲဘော် တစ်ဦးထံမှ လက်နက်လုယူပြီး ပြန်လည်ခုခံထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အကောက်ခွန် ဒုဦးစီးမှူး ဦးဖြိုးစံဟာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ရဲ့ သားဖြစ်တယ်လို့ နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

ထားဝယ်မြို့ နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဖြိုးစံကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး PDF ဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက“အဓိက သတိပေးချင်တာက စစ်ကောင်စီ ခိုင်းသမျှ မလုပ်ကြဖို့ရယ် လူထုကို ဒုက္ခ မပေးဖို့ရယ် လူထုကို ဒုက္ခပေးရင် ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ ခင်ဗျားတို့ လုပ်သမျှကို အသေအချာ မှတ်တမ်းတင်နေပါတယ်လို့ ပြောချင်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေဝန်ထမ်းတွေအနေနဲ့ စစ်တပ်စစ်ကြောင်းက ကယ်တင်နိုင်မှာ မဟုတ်ဘဲ ထိန်းသိမ်းခြင်းခံရပါက ညွှန်ကြားချက်ကို လိုက်နာရင် လူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက်ပေးမယ်လို့ PDF ဗျူဟာ ၃၃ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ တော်လှန်ရေးရဲဘော်တွေရဲ့ အခွင့်ကောင်းကို ယူကာ ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ဘယ်သူကိုမဆို ဖြိုးစံလိုပဲ ပွဲချင်းပြီး ပစ်ခတ်ရှင်းလင်းခံရမယ်လို့ သတိပေးထားပါတယ်။

အကောက်ခွန် ဒုဦးစီးမှူး ဦးဖြိုးစံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေး အခြေအနေ အပါအဝင် လုပ်ငန်းသုံး စက်ပစ္စည်းတွေ လာရောက်စစ်ဆေးစဉ် ဌာနတွင်း သတင်းပေးမှုကြောင့် မောင်းမကန်ကမ်းခြေမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

အာဏာသိမ်း စစ်တပ်ဘက်ကတော့ အကောက်ခွန် ဒုဦးစီးမှူး ဦးဖြိုးစံ ဖမ်းဆီးခံရပြီးနောက် လောင်းလုံးမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.