အမေရိကန် စစ်သားတွေကို သတ်ဖြတ် ဖမ်းဆီးနိုင်သူတွေ ဒေါ်လာ ၃၀၀၀၀ ရရှိမယ်လို့ အီရန် ကြေညာ

တီဟီရန်၊ သြဂုတ် ၁၇

အမေရိကန် စစ်သားတွေကို ဖမ်းဆီးနိုင်သူ ဒါမှမဟုတ် သတ်ဖြတ်နိုင်သူဟာ အမေရိကန် ဒေါ်လာ ၃၀၀၀၀ နဲ့ ညီမျှတဲ့ ဆုကြေးငွေ ရရှိမယ်လို့ အီရန် စစ်တပ်က သြဂုတ် ၁၆ ရက်မှာ ကြေညာလိုက်ပြီး အမျိုးသမီး တစ်ယောက်က အဲဒီလို လုပ်နိုင်ရင် ဆုကြေး နှစ်ဆ ပေးမယ်လို့ ပြောထားပါတယ်။

တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ လူတွေ အများကြီးက တောင်းဆိုခဲ့ကြပြီးနောက် အဲဒီ အစီအစဉ်ကို ရေးဆွဲလိုက်တာဖြစ်တယ်လို့ အီရန် စစ်ဖက်ဆိုင်ရာ အကြီးအကဲ အေမာ ဟာတာမီက ပြောဆိုထားပါတယ်။

ပစ်ချခံရတဲ့ လေယာဉ်ရဲ့ အမေရိကန် လေတပ်တပ်ဖွဲ့ဝင်ကို ကယ်ဆယ်ရေး ဧပြီလက ကြိုးပမ်းမှုက လွဲပြီး အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အီရန်မှာ အမေရိကန် မြေပြင်တပ်ဖွဲ့တွေ ချထားတယ်လို့ မကြားသိရသေးပါဘူး။

အမေရိကန် စစ်သားတွေကို ဘယ်နေရာမှာ ဒါမှမဟုတ် ဘယ်အချိန်မှာ သတ်ဖြတ်မယ်ဆိုတာနဲ့ ဖမ်းဆီးဖို့ မျှော်လင့်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ဟာတာမီက အသေးစိတ်ကို ပြောထားတာ မရှိပါဘူး။

ကျူးကျော် ဝင်ရောက်လာတဲ့ အမေရိကန် စစ်မှုထမ်းတွေကို သတ်ဖြတ်တာ ဒါမှမဟုတ် ဖမ်းဆီးပြီး လွှဲပြောင်းပေးနိုင်သူ ဘယ်သူ့ကို မဆို အီရန် စစ်တပ်က အမေရိကန် ဒေါ်လာ ၃၀၀၀၀ ဒါမှမဟုတ် တိုမန် ၅ ဘီလီယံ ဆုချီးမြှင့်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

တိုမန်ဆိုတာက အီရန် နိုင်ငံသုံးငွေ ရီရယ် ၁၀၀၀၀ နဲ့ ညီမျှတဲ့ တရားဝင် မဟုတ်တဲ့ သတ်မှတ် ငွေကြေးစနစ် ဖြစ်ပါတယ်။

အဲဒီလို လုပ်ရပ်မျိုးကို သတ္တိရှိတဲ့ အီရန် အမျိုးသမီးတစ်ယောက်ယောက်က လုပ်ဆောင်ခဲ့မယ်ဆိုရင် ဆုကြေး နှစ်ဆ ရရှိမှာ ဖြစ်ကြောင်း ဟာတာမီက ဖြည့်စွက် ပြောဆိုပါတယ်။

အရှေ့အလယ်ပိုင်းက အမေရိကန် ထွက်သွားဖို့ အီရန်က ထပ်မံ တိုက်တွန်းကြောင်းအပြင် ပါရှား ပင်လယ်ကွေ့၊ အိုမန် ပင်လယ်ကွေ့၊ ဟောမု့ဇ် ရေလက်ကြားသို့ အမေရိကန်အနေနဲ့ ဝင်ရောက်ခွင့် မရှိတော့ဘူးလို့ ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ချိန် တီဟီရန်-ဝါရှင်တန် စစ်ပွဲဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
‘
စစ်ပွဲ တစ်လကျော်ကြာလာတဲ့ အချိန်မှာ အက်ဖ်-၁၅ တိုက်လေယာဉ်ရဲ့ လက်နက် စနစ် အရာရှိ တစ်ဦးကို အီရန် တပ်ဖွဲ့တွေထက် လက်ဦးအောင် အမေရိကန်က တပ်ဖွဲ့ဝင် ၂၀၀ လေယာဉ် ၁၇၀ ကျော်နဲ့ ကြီးမားတဲ့ ကယ်ဆယ်ရေး အစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ကယ်ဆယ်ရေး အစီအစဉ်အတွင်း အီရန် တပ်ဖွဲ့ဝင်တွေက A-10 မြေပြင် တိုက်ခိုက်ရေး လေယာဉ် တစ်စီးကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

အဲဒီ ကယ်ဆယ်ရေး အစီအစဉ်အတွင်း ပျက်စီးသွားတဲ့ C-130 ပို့ဆောင်ရေး လေယာဉ် တစ်စီး အပါအဝင် ပျက်စီးသွားတဲ့ လေယာဉ်ကို အမေရိကန်က စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းက အဲဒီလောက် မကြီးမားတဲ့ စစ်ဆင်ရေး အတွင်း ရဟတ်ယာဉ် အမှုထမ်း တစ်ဦးက အက်ဖ်-၁၅ လေယာဉ်မှူးကို ကယ်တင်ပေးခဲ့ရ ပါတယ်။

ရက်ပေါင်း ၄၀ နီးပါးကြာ တိုက်ခိုက်ပြီးနောက် ဧပြီလ အပစ်အခတ် ရပ်စဲမှု အရ စစ်ပွဲ ခေတ္တ ရပ်သွားခဲ့ပါတယ်။

ဇွန်လက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် မူဘောင်လည်း နောက်ပိုင်းမှာ ပျက်ပြယ်သွားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက အမေရိကန်နဲ့ အီရန်တို့ မကြာခဏဆိုသလို အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး အဓိကအားဖြင့်တော့ အီရန် တောင်ပိုင်းနဲ့ ဟောမု့ဇ် ရေလက်ကြားမှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်ကြား ကြားခံ ညှိနှိုင်းသူတွေကတဆင့် တိုက်ရိုက် မဟုတ်တဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေပေမယ့် သံတမန်ရေး အဖြေထွက်ဖို့ လက္ခဏာ အနည်းငယ်သာ ရှိနေပါတယ်။

စစ်ပွဲကြောင့် ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးပေးရေး အပါအဝင် ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အီရန်က တောင်းဆိုမှုတွေ ပြုလုပ်ထား ပါတယ်။

စစ်ပွဲ စတင်ပြီး နောက်ပိုင်း သေဆုံးသွားတဲ့ အမေရိကန် စစ်သား ၁၇ ဦး ရှိပြီး ဇူလိုင်က နောက်ဆုံး သေဆုံးမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အမေရိကန် စစ်သားတွေအတွက် အီရန်အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကြုံးဝါးထားပါတယ်။

အမေရိကန် စစ်သားတွေဟာ ဂျော်ဒန်နဲ့ အီရတ် အပါအဝင် အီရန်နိုင်ငံရဲ့ ပြင်ပရှိ နိုင်ငံတွေမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.