ဘန်ကောက် ဩဂုတ် ၁၇
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည်အသက်သွင်းနိုင်ဖို့ အာရုံစိုက်လာနေပြီး အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အခုနောက်ပိုင်းမှာ ထားဝယ်စီမံကိန်းနဲ့ပတ်သက်ပြီး ပြန်လည်လှုပ်ရှားလာတာဟာ ထိုင်းနဲ့ ရုရှားတို့ကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားတွေ ပြောင်းလဲလာတာနဲ့အတူ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာပိုင်အဖွဲ့နဲ့ ထိုင်းနိုင်ငံကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်လာတာတွေကြောင့်လည်း ဖြစ်ပါတယ်။
ထိုင်း-ရုရှားကြား ဆွေးနွေးမှု အရှိန်ရလာ
ထားဝယ်စီမံကိန်းကိစ္စဟာ မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက် ထိုင်း-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးအတွင်းမှာလည်း အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားဘက်ကလည်း ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုရှိနေပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပါဝင်လာနိုင်တဲ့ အလားအလာတွေ ရှိလာပါတယ်။
မကြာသေးခင်က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်တန်းအဆင့် ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံက စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်တို့ တွေ့ဆုံရာမှာလည်း ထားဝယ်စီမံကိန်းဟာ ထိုင်းနိုင်ငံအတွက် အနောက်အာရှဘက်ကို ကုန်သွယ်ရာမှာ အတိုဆုံးလမ်းကြောင်း ဖြစ်လာနိုင်တယ်လို့ အလေးထားပြောဆိုခဲ့ပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကွေးကလည်း ထိုင်းဘက်က တက်တက်ကြွကြွ ပါဝင်မှသာ စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်လို့ ပြောဆိုထားပါတယ်။
မလက္ကာရေလက်ကြားကို အားကိုးနေရမှု လျှော့ချနိုင်မလား
ထားဝယ်ရေနက်ဆိပ်ကမ်းသာ အပြည့်အဝ လည်ပတ်နိုင်ခဲ့ရင် ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ အကျိုးကျေးဇူးတစ်ခုက မလက္ကာရေလက်ကြားကို အလွန်အကျွံ အားကိုးနေရမှု လျှော့ချနိုင်လာမှာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါတဲ့ မလက္ကာရေလက်ကြားဟာ ပိတ်ဆို့မှု၊ လုံခြုံရေးပြဿနာ ဒါမှမဟုတ် ပဋိပက္ခတွေကြောင့် ရေကြောင်းကုန်သွယ်ရေး ထိခိုက်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ အကြီးအကျယ် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။
ထားဝယ်ကနေ ထိုင်းနယ်စပ်အထိ ကားလမ်းနဲ့ ရထားလမ်းတွေ ချိတ်ဆက်နိုင်ခဲ့မယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာဘက်နဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ကို ကုန်းလမ်းကနေ ချိတ်ဆက်ပေးမယ့် ကုန်းတွင်းတံတား တစ်ခုလို ဖြစ်လာနိုင်ပါတယ်။
ဒီလမ်းကြောင်းကနေ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဘက်ကို ကုန်ပစ္စည်းပို့ဆောင်ရာမှာ ရေကြောင်းခရီးစဉ်ကို ၃ ရက်အထိ လျှော့ချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ထိုင်းစက်မှုလုပ်ငန်းတွေအတွက်လည်း အကျိုးရှိနိုင်
ထားဝယ်ဟာ ထိုင်းနိုင်ငံရဲ့ အဓိက ရေနက်ဆိပ်ကမ်းဖြစ်တဲ့ လမ်ချာဘမ်းနဲ့လည်း ပထဝီအနေအထားအရ အလွန်ဝေးကွာတဲ့ နေရာမဟုတ်ပါဘူး။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ စက်မှုဇုန်တွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေက ထားဝယ်ကနေ အနောက်ဘက်ဈေးကွက်တွေကို ကုန်ပစ္စည်းတွေ ပိုမိုလွယ်ကူစွာ တင်ပို့နိုင်မယ့် အခွင့်အရေး ရလာနိုင်ပါတယ်။
ထားဝယ်စီမံကိန်းက အသစ်မဟုတ်
ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ) ကို မူလက အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စက်မှုဇုန်စီမံကိန်းတွေထဲက တစ်ခုအဖြစ် ဖော်ဆောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ဧရိယာအကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၂၀၀ ခန့်ရှိပါတယ်။
ဒါပေမယ့် စီမံကိန်းဟာ နှစ်ပေါင်းများစွာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အထူးသဖြင့် မြန်မာအစိုးရဘက်က ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကြီး Italian-Thai Development (ITD) နဲ့ ချုပ်ဆိုထားတဲ့ အဓိက သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ်မှာ ရပ်ဆိုင်းလိုက်ပြီးနောက် စီမံကိန်းက ပိုမိုနှောင့်နှေးသွားခဲ့ပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးမလုံလောက်မှု၊ ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်း စီမံကိန်းကို ဆက်လက်ထိခိုက်စေခဲ့ပါတယ်။
အခုတော့ ရုရှားဘက်က ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာတာနဲ့အတူ ထိုင်းနိုင်ငံကလည်း ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ကြိုတင်ကာကွယ်ဖို့ ကြိုးစားလာနေပါတယ်။
ဒါကြောင့် ထိုင်းနယ်စပ်ကနေ ထားဝယ်အထိ ရထားလမ်းနဲ့ အဝေးပြေးလမ်းမကြီးတွေ ချိတ်ဆက်ပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖော်ဆောင်နိုင်မလားဆိုတာက ထားဝယ်စီမံကိန်းရဲ့ အနာဂတ်အတွက် အဓိက မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။
Ref:BangkokPost

