ဘန်ကောက် ဩဂုတ် ၁၇
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်တွေ ကျရောက်တာတွေ ရှိနေတယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
လက်တလော မြဝတီမြို့နယ်အနီးမှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က ကရင်တပ်ဖွဲ့တွေရဲ့ နေရာတွေကို ပြန်လည်ရယူနိုင်ဖို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ ကျည်တွေက ထိုင်းနိုင်ငံဘက်ကို ထပ်မံကျော်လွန်ကျရောက်ခဲ့ပြီး မယ်ဆောက်နဲ့ ဖုတ်ဖရဒေသတွေနဲ့ မဝေးတဲ့ ဘန်ဟွေ့မဟာဝုန် ကျေးရွာအတွင်း နေအိမ်တချို့ကို ထိမှန်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒီဒေသဟာ မြန်မာဘက်က တိုက်ပွဲတွေကနေ လမ်းလွဲလာတဲ့ကျည်တွေ ထိုင်းဘက်ကို ကျရောက်ခဲ့ဖူးတဲ့ နေရာဖြစ်တာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာနေပါတယ်။
အခုအခြေအနေမှာ မြန်မာစစ်တပ်က ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေကို လေယာဉ်အသုံးပြုပြီး ပို့ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြေပြင်ကနေ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်မယ်ဆိုရင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှု ခံရနိုင်တာကြောင့် လေကြောင်းကနေ ပို့ဆောင်နေရတာလို့ ဆိုပါတယ်။
အခြေအနေတွေ ဆက်လက်တင်းမာနေတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ တိုက်ပွဲကူးစက်လာနိုင်မှုနဲ့ လမ်းလွဲကျည်တွေ ထိုင်းဘက်ကို ထပ်မံကျရောက်လာနိုင်မယ့် အခြေအနေကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Ref:KhaosodEnglish

