နေပြည်တော်၊ သြဂုတ် ၁၅
ရခိုင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေ တိုးတက်လာပြီဆိုတာနဲ့ ဘင်္ဂလားဒေ့ချ် ဒုက္ခသည် စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃ သိန်းကျော် ပြန်လာနိုင်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့ စစ်တပ်ဦးဆောင်တဲ့ အစိုးရက သြဂုတ် ၁၅ ရက်မှာ ကြေညာပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ ၉ နှစ်တာကာလထဲ ဝင်ရောက်လာချိန် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံက ထွက်ပြေးသွားပြီးနောက် ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ချ်ရှိ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ် အစိုးရက ပေးအပ်တဲ့ စာရင်းအရ ဒုက္ခသည် ၈၂၈၈၂၄ ဦးထဲက ၄၂၆၅၄၅၄ ဦးကို စစ်ဆေး အတည်ပြုပြီး ဖြစ်ကြောင်း နေပြည်တော်အစိုးရက ပြောပါတယ်။
အဲဒီလို စစ်ဆေးရာမှာ ၃၀၈၇၉၇ ဦးဟာ အရင်က ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်ကြောင်း မြန်မာဖက်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေး အခြေအနေ ပိုမို တည်ငြိမ်လာချိန် အတည်ပြုပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံရေး ဘင်္ဂလားဒေ့ချ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေပြည်တော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်တွေက ရခိုင်ပြည်နယ်ရှိ ရဲစခန်းတွေကို တိုက်ခိုက်ပြီးနောက် စစ်တပ်က ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေး ပြုလုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ချ် နိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြပါတယ်။
အဲဒီမတိုင်ခင်က မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ချ်သို့ ရောက်နှင်နေသူ ထောင်ပေါင်း များစွာ ရှိခဲ့တာပါ။
မြန်မာ စစ်တပ် ပြုလုပ်တဲ့ စစ်ဆင်ရေး ပုံစံကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လူမျိုးတုန်း ရှင်းလင်းမှု ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုး ရှိတယ်လို့ အသိအမှတ်ပြုထားပြီး ရိုဟင်ဂျာတွေကိုတော့ နိုင်ငံသားအဖြစ် အသိအမှတ် မပြုထားပါဘူး။
သူတို့ကို ဘင်္ဂါလီတွေလို့ ခေါ်ပြီး ဘင်္ဂလားဒေ့ချ်ကနေ တရားမဝင် အခြေချ နေထိုင်သူတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ လူပေါင်း ၁၁၃၅၀၇ ဦးကို စစ်ဆေးအတည်ပြုလို့ မရနိုင်ဘဲ ၄၂၄၁ ဦးဟာ အကြမ်းဖက်မှု လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၁ သန်းကျော် ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း အဲဒီဝန်ကြီးဌာနက ပယ်ချထားပါတယ်။
၂၀၁၇ ခုနှစ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် ရိုဟင်ဂျာ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ချ် နိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂ သိန်းကျော် ကျန်ရှိနေခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ချ်ကြား နှစ်နှစ်ကြာ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ် တစ်ခုကို ၂၀၁၈ ခုနှစ်မှာ သဘောတူညီခဲ့ကြပေမယ့် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆိုးရွားလာတာကြောင့် အဲဒီ လုပ်ငန်းစဉ် အကောင်အထည် မဖော်နိုင်ဖြစ်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး နီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားချိန်မှာ နေပြည်တော် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူညီလိုက်တာ ဖြစ်ပါတယ်။
နေပြည်တော်က ဘင်္ဂလားဒေ့ချ်ရှိ ရိုဟင်ဂျာတွေအပြင် မလေးရှားရှိ ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀၀ ကို လက်ခံမယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ မလေးရှားက သူတို့ကို ပြန်မပို့ခင် သူတို့ရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစားသွားမယ်လို့ ပြောထားပါတယ်။
Ref:Indiatoday

