ပါရီ၊ သြဂုတ် ၁၅
အသက် ၁၅ နှစ်အောက် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်မှုဟာ လွတ်လပ်စွာ သဘောထား ဖော်ပြခွင့်ကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြင်သစ် ထိပ်တန်း တရားရုံးက ပြောကြားပြီး အစိုးရရဲ့ တားမြစ်မှုကို တားဆီးလိုက်ပါတယ်။
အဲဒီ ဥပဒေပြုချက်ကို ပြင်သစ် လွှတ်တော်အမတ်တွေက ဇူလိုင်လအတွင်း ထောက်ခံခဲ့ကြတာကြောင့် လူငယ်တွေကို လူမှုမီဒီယာတွေက တားမြစ်တဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာခဲ့ ပါတယ်။
လူမှုမီဒီယာ အသုံးပြုမှုကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် အဲဒီ ဥပဒေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပိတ်ပင်မှုကို သြဂုတ် ၁၄ ရက်က ပြင်သစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက တားဆီးခဲ့တာ ဖြစ်ပါတယ်။
သမ္မတ အမ်မန်နူရယ် မက်ကရွမ်က အဲဒီ တားမြစ်မှုကို စက်တင်ဘာလမှာ စတင်ပြီး အဆင့်လိုက် မိတ်ဆက် သွားမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
အဲဒီ သတင်းကို တုံ့ပြန်ရာမှာ သမ္မတက ကောင်စီရဲ့ သတ်မှတ်ချက်တွေ အားလုံး ထည့်သွင်း တွက်ချက်ပြီး ဥပဒေကြမ်းအသစ် ရေးဆွဲရေး ကြိုတင် ပြင်ဆင်ထားဖို့ ဝန်ကြီးချုပ်ကို ချက်ချင်း ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့လမှာ အဲဒီ ဥပဒေကြမ်းကို လွှတ်တော်အမတ်တွေ ထောက်ခံခဲ့ကြပြီးနောက် ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နုက ပြန်လည် သုံးသပ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ ဥပဒေ ဟုတ်၊မဟုတ် စစ်ဆေးဖို့ အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကောင်စီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အောက် အရွယ်တွေအတွက် လွတ်လပ်စွာ သဘောထား ဖော်ပြခွင့်နဲ့ ဆက်သွယ်မှုကို သင့်လျော်မှု မရှိ၊ မလိုအပ်ဘဲ တားမြစ်တာဟာ ဥပဒေ ပုဒ်မ ၁ အရ ဖွဲ့စည်းပုံ ချိုးဖောက်မှု ဖြစ်တယ်လို့ ပြင်သစ် ဖွဲ့စည်းပုံ တရားရုံးက ပြောပါတယ်။
သမ္မတအနေနဲ့ အဲဒီ ပြုပြင်ပြောင်းလဲမှုကို ၂၀၂၇ နှစ်ဆန်းပိုင်း မတိုင်ခင် အကောင်အထည် ဖော်နိုင်ဖို့ဆုံး ဖြတ်ထားပြီး အစိုးရအနေနဲ့ ဥပဒေကြမ်း အသစ် တစ်ခု တတ်နိုင်သမျှ အမြန်ဆုံး အဆိုပြုဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သမ္မတ ရုံးက ပြောပါတယ်။
မူလ ဥပဒေအရ ပြင်သစ်နိုင်ငံရှိ အသက် ၁၅ နှစ်အောက် အရွယ်အားလုံး စက်တင်ဘာလက စတင်ပြီး လူမှုမီဒီယာ အသုံးပြုခွင့်ရှိတော့မှာ မဟုတ်ဘဲ လူမှုမီဒီယာ ကုမ္ပဏီတွေအနေနဲ့လည်း အသက်အရွယ် စစ်ဆေး အတည်ပြုမှုတွေ ပြုလုပ်ရမယ်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ကန့်ကွက် ဆန့်ကျင်သူတွေက ဥပဒေရဲ့ အသုံးဝင်မှုကို မေးခွန်း ထုတ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ အသက်အရွယ် စစ်ဆေးအတည်ပြုပေးတဲ့ ဆော့ဖ်ဝဲလ်တွေရဲ့ ထိရောက်မှု တို့ကို မေးခွန်းထုတ်ထားကြပါတယ်။
ကလေးတွေအနေနဲ့ အဲဒီ တားမြစ်ချက်တွေကို တခြားနည်းလမ်းနဲ့ ကျော်ဖြတ်ပြီး အသုံးပြုနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း ကန့်ကွက် ဆန့်ကျင်သူတွေက ပြောပါတယ်။
လူငယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ရေး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဥရောပမှာ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
Ref:BBC

