ဂျကာတာ၊ သြဂုတ် ၁၅
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလောရက်စ် ကျွန်းအလွန်မှာ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး စောစောပိုင်းက ထုတ်ပြန်ထားခဲ့တဲ့ ဆူနာမီ သတိပေးချက်ကို အာဏာပိုင်တွေက ပြန်ရုတ်သိမ်းခဲ့ပါတယ်။
သြဂုတ် ၁၅ ရက် မနက် ၅ နာရီ ၅၈ မိနစ်က ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အဆောက်အဦတွေလည်း ပြိုကျခဲ့သလို အာဏာပိုင်တွေက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အရှေ့ နူဆာ တန်ဂါရပြည်နယ်ရှိ အန်ဒီမြို့ မြောက်-အနောက်ဖက် ၆၈ ကီလိုမီတာ ကို ဗဟိုပြုပြီး ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာန စာရင်းတွေမှာဖော်ပြထားပါတယ်။
ရိုက်တာ သတင်းဌာနက ဥရောပ-မြေထဲပင်လယ် ငလျင်စင်တာကို ကိုကားပြီး အင်အား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကနဦး ဖော်ပြခဲ့ပါတယ်။
မော်မီရီ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီရဲ့ ကနဦး အစီရင်ခံချက်တွေအရ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
မော်မီရီနဲ့ ဆီခါဒေသ အပါအဝင် ငလျင်ဘေးသင့်ရာ ဒေသတွေမှာ လူနေအိမ်တွေနဲ့ တခြား အဆောက်အဦတွေ ထိခိုက်ပျက်စီး ပြိုကျမှုတွေ ရှိပြီး ငလျင် အပြင်းအထန် လှုပ်နေချိန် ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။
ဆေးရုံတွေကလည်း လူနာ တချို့ကို အပြင်မှာ ထုတ်ထားခဲ့ပြီး အာဏာပိုင်တွေက ထိခိုက်မှုကို လေ့လာနေကြပါတယ်။
အဓိက ငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှိုင်း တချို့လည်း လှုပ်ခတ်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ပစိဖိတ် ငလျင်ကြောပေါ်မှာ တည်ရှိတာကြောင့် အားပြင်းတဲ့ ငလျင်တွေကို အကြိမ်ကြိမ် ကြုံတွေ့နေရပါတယ်။
ကမ်းလွန်မှာ ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပ အေဂျင်စီက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
စောင့်ကြည့်မှုအရ ကမ်းရိုးတန်း ဒေသတွေအတွက် အန္တရာယ်ကျရောက်စေလောက်အောင် ပင်လယ်ရေမျက်နှာပြင် သိသိသာသာ မြင့်တက်မှု မရှိတာကြောင့် နောက်ပိုင်းမှာ အဲဒီ သတိပေးချက်ကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာ အဓိက သဘာဝဘေး တစ်ခု အပါအဝင် ဖျက်အားပြင်းတဲ့ ငလျင်တွေနဲ့ ဆူနာမီဒဏ် ခံခဲ့ရတဲ့ ဖလောရက်စ်ကျွန်းမှာ ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်မှာ ငလျင်လှုပ်ပြီး နောက်ဆက်တွဲ ငလျင်လှိုင်းတွေရဲ့ သက်ရောက်မှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေကို အရာရှိတွေက ဆက်လက် လေ့လာနေဆဲ ဖြစ်ပါတယ်။
အဓိက ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေဟာ အင်အား ၅ ဒသမ ၉၊ ၅ ဒသမ ၆ နဲ့ ၆ ဒသမ ၁ အဆင့် ရှိကြောင်း သိရပါတယ်။
မော်မီရီ ဆိပ်ကမ်းမှာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
သြစတြေးလျ ဆူနာမီ သတိပေး စင်တာက အင်ဒိုနီးရှား ငလျင်ကြောင့် သြစတြေးလျ ကုန်းတွင်းပိုင်းရော ကျွန်းတွေမှာပါ အန္တရာယ် မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
ဖလောရက်စ် ကျွန်းပေါ်ရှိ လူ ၅ သိန်းလောက်ဟာ အရမ်း အားပြင်းတဲ့ တုန်ခါမှုတွေကို ခံစားခဲ့ရမှာ ဖြစ်ပြီး ပိုကျယ်ပြန့်တဲ့ ဒေသရှိ လူတွေအနေနဲ့ သိပ်မပြင်းထန်တဲ့ တုန်ခါမှုဒဏ်ကို ခံစားခဲ့ရဖွယ်ရှိတယ်လို့ အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့က ပြောပါတယ်။
နောက်ဆက်တွဲ ငလျင်လှိုင်းတွေ ရက်အနည်းငယ်ကြာတဲ့အထိ လှုပ်ခတ်နိုင်သေးကြောင်း ဒေသဆိုင်ရာ မိုးလေဝဿ အေဂျင်စီရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကမ္ဘာပေါ်မှာ ငလျင်လှုပ်ရှားမှု အများဆုံး နိုင်ငံတွေထဲမှာပါဝင်တဲ့ အင်ဒိုနီးရှားမှာ ကျွန်းပေါင်း ၁၇၀၀၀ ရှိပြီး လူဦးရေ သန်း ၂၇၀ ရှိပါတယ်။
၁၉၉၂ ခုနှစ် ဒီဇင်ဘာလက ဖလောရက်စ်ကျွန်းမှာ အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ပြီး လူ ၂၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
Ref:Agencies

