နယူးယောက်၊ သြဂုတ် ၁၅
အမေရိကန်အနေနဲ့ အရှုံးကို လက်ခံဖို့ အီရန်က တိုက်တွန်းထားစဉ် သမ္မတ ဒေါ်နယ် ထရန့်က အီရန် ယုတ်မာတယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။
အမေရိကန် နိုင်ငံသားတွေအနေနဲ့ လောင်စာဈေးနှုန်း ဆက်လက် မြင့်တက်နေမှုအတွက် အားတင်းထားကြဖို့လည်း ထရန့်က တိုက်တွန်းထားပါတယ်။
အဲဒီ ပြောဆိုချက်တွေကို ကြည့်ရင် စစ်ခင်းနေတဲ့ နှစ်နိုင်ငံ ပြေလည်မှု ရရှိဖို့ အဝေးကြီးလိုနေသေးကြောင်း ဖော်ပြနေပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလည်း တိုးတက်မှု မရှိဘဲ မဟာဗျူဟာ မြောက် ဟောမု့ဇ် ရေလက်ကြားကို ရေနံတင် သင်္ဘောတွေ ဖြတ်သန်းနိုင်ရေးအတွက်လည်း သဘောတူညီမှု ရရှိဖို့ မဖြစ်နိုင်သေးပါဘူး။
ဒီရေလက်ကြားကို အီရန်ရဲ့ အမိန့်နဲ့ အဖွင့်အပိတ် လုပ်သွားမှာ ဖြစ်ပါတယ်။
စိတ်ကူးယဉ် အိပ်မက်ထဲ အရသာတွေ့နေတာတွေ ရပ်တန့်ပြီး ရှုံးနိမ့်မှုရဲ့ လက်တွေ့ အခြေအနေကို လက်မခံသရွေ့ အီရန်က ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက သြဂုတ် ၁၅ ရက် စောစောပိုင်းက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ဒါကြောင့် စစ်ပွဲ မတိုင်ခင်က ကုန်သွယ်မှုမျိုး ပြန်ဖြစ်လာမယ့် လက္ခဏာ မတွေ့ရ ဖြစ်နေပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို လူမှုမီဒီယာပေါ်က ဖော်ပြချက် တစ်ခု၊ လေယာဉ်တင် သင်္ဘော တစ်စီးလောက်နဲ့ ဒါမှမဟုတ် အမိန့် တစ်ရပ် ရွေးကောက်ပွဲ မိန့်ခွန်း တစ်ရပ် ပြောရုံနဲ့ သိမ်းပိုက်ယူလို့ မရဘူးလို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် မတိုက်ခိုက်ခင်က ရေလက်ကြားကို ကမ္ဘာ့ရေနံတင်ပို့မှု စည် ၅ စည်တိုင်းမှာ ၁ စည် ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။
အီရန်နဲ့ စစ်ပွဲ ဆက်လက် ဖြစ်ပွားနေချိန် လောင်စာ ဈေးနှုန်း အနည်းငယ် မြင့်တက်မှုအတွက် တောင့်ခံကြဖို့ ထရန့်က အမေရိကန်နိုင်ငံသားတွေကို သြဂုတ် ၁၄ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
နယူးယောက်ပြည်နယ် ဂါးဒန်းစီးတီးမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံဆိုင်ရာ စုဝေးပွဲ အတွင်း အမေရိကန် နိုင်ငံသားတွေအတွက် လောင်စာဈေး အနည်းငယ်လေး ပိုပေးရတာက အရမ်း ယုတ်မာတဲ့ နိုင်ငံ တစ်နိုင်ငံ နျူကလီးယား လက်နက် မပိုင်ဆိုင်နိုင်စေဖို့ သေချာအောင် လုပ်ဆောင်ရတဲ့ ကုန်ကျစရိတ်အတွက် ထိုက်တန်တယ်လို့ ထရန့်က ပြောဆိုပါတယ်။
ငွေဖောင်းပွမှုနှုန်း မြင့်တက်လာစေပြီး မဲပေးသူတွေကို စိတ်ပျက်စေတဲ့ ပုံစံ တစ်ခု အတွင်း အမေရိကန် ဓာတ်ဆီ တစ်ဂါလံ ဈေးနှုန်းဟာ သောကြာနေ့က ၄ ဒသမ ၀၈ ဒေါ်လာအထိ မြင့်တက်ခဲ့ကြောင်း အမေရိကန် မော်တော်ယာဉ်များ အဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စောစောပိုင်း တစ်နှစ်က ၃ ဒသမ ၁၆ ဒေါ်လာ နှုန်း ရှိခဲ့ရာက အခု ၂၉ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
သြဂုတ် ၁၄ ရက်က ဟောမု့ဇ်ရေလက်ကြားကနေ သင်္ဘော နှစ်စီးတည်း ဖြတ်သန်းခဲ့ကြောင်း သင်္ဘော ခုတ်မောင်းမှု ခြေရာခံရေး လုပ်ငန်း Kpler ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကောက်ပဲသီးနှံ တင်ဆောင်ထားတဲ့ သင်္ဘော တစ်စီး အီရန် ရေပြင်ထဲ ဝင်ရောက်ခဲ့ပြီး တခြား ကုန်ခြောက်တင် သင်္ဘော အလွတ် တစ်စီး တခြားဖက်သို့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ဆီ အရည်ထုတ်ကုန်တင် သီးခြား သင်္ဘော အလွတ် တစ်စီး ရေလက်ကြားကနေ ပင်လယ်ကွေ့ထဲ ဝင်ရောက်သွားကြောင်း အဲဒီ အချက်အလက်တွေမှာ ဖော်ပြထားပေမဲ့ ရေနံတင်ပို့မှု တစ်ခုမှတော့ မတွေ့ရပါဘူး။
စစ်ပွဲ မတိုင်ခင်က နေ့စဉ် သင်္ဘော အစီးရေ ၁၃၀ ကျော် ဖြတ်သန်းနေခဲ့တဲ့ ရေလက်ကြားမှာ ခြေရာခံသူတွေ မသိလိုက်ဘဲ ဖြတ်သန်းသွားနိုင်တဲ့ သင်္ဘော တချို့ ရှိနိုင်ပေမယ့် အရင်က အရေအတွက်ထက် အများကြီး လျော့နည်းနေတာ ဖြစ်ပါတယ်။
အီရန်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ အနေနဲ့ ဒရုန်းတွေ ဒါမှမဟုတ် ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။
ဒီအတောအတွင်း အဲဒီ ရေလက်ကြားကို အမေရိကန် ပိုင်ဆိုင်ကြောင်း ကြေညာဖို့ ထရန့်က စီစဉ်နေပါတယ်။
သြဂုတ် ၁၃ ရက် ညနေပိုင်းက အဲဒီ ရေလက်ကြားကနေ ဖြတ်သန်းတဲ့ အဘူဒါဘီ ရေနံ ကုမ္ပဏီ သင်္ဘော နှစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။
Ref:Reuters

