တိုကျို၊ သြဂုတ် ၁၄
ဂျပန်နိုင်ငံမှာ စံချိန်တင်မိုးများ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ပြီး လူ ၈ ဦး သေဆုံးခဲ့ပြီးနောက် တိုကျိုမြို့ နာရီတာ လေဆိပ်မှာ သြဂုတ် ၁၄ ရက်က ခရီးသည် ထောင်နဲ့ချီ ပိတ်မိနေခဲ့ပါတယ်။
အနီးအနားဒေသမှာ ရေကြီးပြီး လူနေအိမ် ၂၀၀၀၀ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံရဲ့ လူအသွားအလာ အများဆုံး အားလပ်ရက် သီတင်းပတ်များထဲက တစ်ခုအတွင်း တိုကျိုနဲ့ ဆက်စပ်နေတဲ့ ချီဘာဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၄ လက်မအထိ ရွာသွန်းခဲ့ပြီး ကားလမ်းတွေ ရထားလမ်းတွေ ရေမြုပ်သွားပြီးနောက် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ ကူညီပေးဖို့ စစ်သားတွေ စေလွှတ်ထားပါတယ်။
ဒါက အရမ်းကို မူမမှန်တဲ့ အခြေအနေ ဖြစ်ပါတယ်လို့ ချီဘာ မြို့တော်ဝန် တိုရှီဟီတို ကူမာဂါအီက သတင်းထောက်တွေကို ပြောပါတယ်။
မိမိအနေနဲ့ အရင်က သဘာဝဘေးတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ဖူးပေမယ့် အခုလို အခြေအနေမျိုးနဲ့ တစ်ခါမှ မကြုံဖူးဘူးလို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
ရေမြုပ်သွားတဲ့ ကားထဲမှာ ပိတ်နေသူ တစ်ဦး အပါအဝင် သေဆုံးသူ ၈ ဦး ရှိတယ်လို့ အစိုးရ သတင်းဌာန NHK က ချီဘာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
နာရီတာ လေဆိပ်မှာ လေဆိပ်ဝန်ထမ်းတွေက အိပ်စရာတွေ၊ ရေနဲ့ စားစရာမုန့်တွေကို ခရီးသည် ရာပေါင်းများစွာအတွက် ဖြန့်ဝေပေးခဲ့ပါတယ်။
ပို့ဆောင်ရေး အနှောင့်အယှက် ဖြစ်မှုတွေကြောင့် လူပေါင်း ၇၀၀၀ လောက် ပိတ်မိနေပြီး ပရမ်းပတာ အခြေအနေတွေ ဖြစ်ပေါ်ပြီးနောက် လူအများဟာ သြဂုတ်လ ၁၃ ရက်ကတည်းက ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။
ပိတ်မိနေသူ တချို့က ဟိုတယ် ငှားဖို့ ကြိုးစားခဲ့ကြပေမယ့် ငှားလို့ မရတာကြောင့် လေဆိပ်သို့ ပြန်လာခဲ့ရသူတွေလည်း ရှိပါတယ်။
လေကြောင်း ခရီးစဉ် အများစု သြဂုတ် ၁၄ ရက်မှာ ပုံမှန် ပြေးဆွဲနိုင်မယ်လို့ မျှော်လင့်ကြောင်း လေဆိပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
သြဂုတ် ၁၄ ရက် မနက်ပိုင်းအထိ လူနေအိမ် ၂၀၀၀၀ ကျော် လျှပ်စစ်မီးမရဘဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ငွေ့ထောက်ပံ့မှုကို အိမ်ခြေ ၁၃၀၀၀ နီးပါးအတွက် ယာယီ ဖြတ်တောက်ခဲ့ရပြီး ဓာတ်အားပေး စက်ရုံတွေ ရေမြုပ်သွားတာကြောင့် လျှပ်စစ်ဓာတ်အား မပေးနိုင်ဖြစ်ခဲ့ရတာလို့ Tokyo Electric Power ကုမ္ပဏီက ပြောပါတယ်။
အဆိုးရွားဆုံး ထိခိုက်တဲ့ ချီဘာမြို့မှာ လူရာပေါင်းများစွာဟာ အစိုးရ အဆောက်အဦတွေမှာ ယာယီ ဖွင့်လှစ်ထားတဲ့ ဘေးကင်းရေး စင်တာတွေမှာ ညလုံးပေါက် မိုးကာစောင်တွေပတ်ပြီး နေထိုင်ခဲ့ရပါတယ်။
Ref:Reuters

