စပိန်နိုင်ငံ စီအူတာကျွန်းမှာ ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာ ခိုလှုံခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြ

မက်ဒရစ်၊ သြဂုတ် ၁၇

စပိန်နိုင်ငံရဲ့ မြောက်အာဖရိကကျွန်း စီအူတာသို့ မကြာသေးခင်က ဝင်ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာက လူကြိုက်များတဲ့ မြို့ပြ ကမ်းခြေ တစ်ခုမှာ သြဂုတ် ၁၆ ရက်က ဆန္ဒပြပြီး သူတို့ကို မော်ရိုကိုသို့ ပြန်ပို့မယ့်အစား ခိုလှုံခွင့်ပေးဖို့ စပိန် အာဏာပိုင်တွေဆီ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာကြပြီးနောက် စီအူတာမှာ ကျန်နေရစ်သူ ၅၀၀၀ ကနေ ၈၀၀၀ ကြားအထိ ရှိပြီး အခု သူတို့ထဲက ရာဂဏန်းလောက်က ဆန္ဒပြကြတာ ဖြစ်ပါတယ်။

လူဦးရေ ၈၀၀၀၀ လောက်ရှိတဲ့ အဲဒီ ကျွန်းငယ်လေးသို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က မော်ရိုကိုကနေ ရွှေ့ပြောင်း နေထိုင်သူ ၇၂၀၀၀၀ ကျော် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာ အများစုက သူတို့သဘောနဲ့ သူတို့ မော်ရိုကိုသို့ ပြန်သွားခဲ့ကြတာပါ။

မြို့ရဲ့ အရင်းအမြစ်တွေ ဝန်နဲ့အား မမျှဖြစ်နေချိန် ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ အယ်လ် ထရမ်ပိုလင် ကမ်းခြေ ဒါမှမဟုတ် မြို့ပြင်နေရာတွေမှာ မရေရာတဲ့ အခြေအနေတွေနဲ့ နေထိုင်နေကြပြီး ဥရောပသို့ ခရီးဆက်ခွင့် ရရှိရေး စောင့်ဆိုင်းနေကြပါတယ်။

အေးပြီး အနံ့ဆိုးတွေထွက်နေတဲ့ ပင်လယ်ဘေးမှာ အိပ်ကြရကာ ဒုက္ခရောက်ရကြောင်းနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ မြို့ထဲ မဝင်နိုင်အောင် ရဲတပ်ဖွဲ့က တားဆီးထားကြောင်း မော်ရိုကိုနိုင်ငံ တီတိုအမ် ဒေသကိုရောက်နေတဲ့ အာယောက် အီလာရောက်က ပြောပါတယ်။

ဆန္ဒပြသူတွေက စပိန် အလံတွေနဲ့အတူ ငါတို့ မော်ရိုကိုကို ပြန်မသွားချင်ဘူးဆိုတဲ့ စာတမ်းတွေလည်း ကိုင်ဆောင်ထားကြပါတယ်။

ငါတို့ လူသားတွေ ဖြစ်တယ်ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားတာလည်း တွေ့ရပြီး ငါတို့ ပင်ပန်းနေပြီး ငါတို့ အဖြေလိုနေပြီလို့ အော်ဟစ်ခဲ့ကြပါတယ်။

သူတို့အနောက်ဖက်က ကျောက်ဆောင်ထူတဲ့ ကမ်းခြေပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ တချို့ အဝတ်အစားတွေ လျှော်ဖွတ်နေကြပြီး တခြား လူတွေကတော့ လက်ဖြစ် ပြုလုပ်ထားတဲ့ ဝါးလုံးတွေနဲ့ ငါးမျှားနေကြတာ တွေ့ရပါတယ်။

ပုံမှန်မဟုတ်ဘဲ ဝင်ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အဲဒီ ကျွန်းမှာ နေထိုင်ခွင့်၊ စပိန်ကုန်းတွင်းပိုင်းသို့ ခရီးသွားခွင့် ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် လျှောက်ထားခွင့် ပေးမှာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်ဒီ မာလာစကာက အခု သီတင်းပတ် စောစောပိုင်းက ပြောကြားခဲ့ပါတယ်။

အလွန်အမင်း ထိခိုက်လွယ်သူတွေ ပါဝင်တဲ့ ရှားရှားပါးပါး အမှုတွေကိုတော့ ချွင်းချက်အနေနဲ့ ထားပေးမယ်လို့ သူက ပြောပါတယ်။

မြို့ရဲ့ အကန့်အသတ်နဲ့ပဲ ရှိတဲ့ ကျန်းမာရေး လုပ်သားတွေ ခြေကုန်လက်ပမ်းကျနေကြပြီလို့ စီအူတာ ကျန်းမာရေး ဘုတ်အဖွဲ့ အကြီးအကဲ အန်းနရစ် ရိုဗီရယ်တာက ပြောဆိုပြီး ဗဟိုအစိုးရ တုံ့ပြန်ပုံ နှောင့်နှေးမှုကို ဝေဖန်ထားပါတယ်။

ကူးစက်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဝဲနာတို့လို ရောဂါတွေ ပျံ့နှံ့နေပြီး နှာခေါင်းရိုးကျိုးတာနဲ့ ဓား ဒဏ်ရာတွေလို အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ပိုများလာနေတယ်လို့ ရိုဗီရယ်တာက ဖြည့်စွက် ပြောဆိုပါတယ်။

ဒေသဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု ပြိုလဲသွားပြီဆိုတဲ့ ပြောဆိုမှုတွေကို ကျန်းမာရေးဝန်ကြီး မိုနီကာ ဂါစီယာက သြဂုတ် ၁၆ ရက်မှာ ပယ်ချခဲ့ပေမယ့် သူတို့ ဖိအားကြုံနေတယ်ဆိုတာကိုတော့ အသိအမှတ်ပြုထားပါတယ်။

ရိုက်တာ သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ မော်ရိုကို ရွှေ့ပြောင်းနေထိုင်သူ အများစုက သူတို့ရဲ့ မိခင်နိုင်ငံမှာ အရည်အချင်း မြင့်မားကြောင်း အသိအမှတ်ပြုချက်တွေ ရှိနေပေမယ့် အလုပ်လုပ်ရတဲ့ အခြေအနေတွေ ညံ့ဖျင်းမှုကြောင့် အခုလို ရွှေ့ပြောင်းလာကြတာလို့ ပြောပါတယ်။

ပညာတစ်ခုခု ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပေမယ့် ရရှိတဲ့လစာက လုံလောက်မှု မရှိတာကြောင့် ရွှေ့ပြောင်းလာသူ အများကြီး ပါဝင်နေတာ တွေ့ရပါတယ်။

သူတို့ထဲမှာ လိင်ခွဲခြား ဆက်ဆံခံရသူတွေလည်း ပါဝင်ပြီး ပိုကောင်းတဲ့ အလုပ်တွေ လျှောက်ထားပေမယ့် ခေါ်စာ မရရှိတာကြောင့် စီအူတာသို့ ရေကူးပြီး ရောက်ရှိလာသူတွေလည်း ပါဝင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.