တိုင်ပေ၊ သြဂုတ် ၁၇

ထိုင်ဝမ်က မိမိတို့ရဲ့ ကာကွယ်ရေး အားကောင်းအောင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပြီး လာမယ့်နှစ်မှာ ကာကွယ်ရေးအတွက် စံချိန်တင် ငွေသုံးစွဲဖို့ စီစဉ်ထားတယ်လို့ သမ္မတ လိုင်ချင်းတီက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။

အစိုးရရဲ့ ကာကွယ်ရေး အသုံးစရိတ် အဆိုပြုမှုဟာ ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့ သူက ဆိုတာပါ။

ထိုင်ဝမ် အစိုးရအဖွဲ့က လာမယ့်နှစ် ဘက်ဂျက်ကို သြဂုတ် ၂၀ ရက်မှာ ဖော်ပြမှာ ဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ် စံချိန်တင် တိုးမြှင့်မှုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၃၁ ဒသမ ၄၀ ဘီလီယံ ကျော်လာမှာ ဖြစ်ကြောင်း မီဒီယာတွေရဲ့ ဖော်ပြချက်ကို သမ္မတ လိုင်ချင်းတီက အတည်ပြုထားပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူတို့ပိုင်ဆိုင်တဲ့ ဒေသ ဖြစ်တယ်လို့ ရှုမြင်ထားတဲ့ တရုတ်က သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုမှု ခိုင်မာကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စစ်ရေးအရရော နိုင်ငံရေးအရပါ ဖိအားတွေ ပိုပေးခဲ့ပါတယ်။

တရုတ်ရဲ့ ပြောဆိုမှုတွေကို ထိုင်ဝမ်က ပယ်ချထားပြီး အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောဆိုထားမှုနဲ့ အတူ တင်းမာမှုများ မြင့်တက်နေချိန်မှာ လိုင်ချင်းတီရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်အနေနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး ဝါရှင်တန်ကလည်း တိုက်တွန်းထားပြီး အမေရိကန်က ဥရောပကို ဖိအားပေးသလိုမျိုး ထိုင်ဝမ်ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

ထိုင်ဝမ်က အဆိုပြုထားတဲ့အတိုင်း ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ခဲ့မယ် ဆိုရင် အသားတင် ထုတ်ကုန် တန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းထက် ကျော်လွန်လာမှာ ဖြစ်ပါတယ်။

ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ အဆိုပြုချက်က ထိုင်ဝမ်အနေနဲ့ ကိုယ်တိုင် ကာကွယ်ရေး စွမ်းပကား အားပိုကောင်းလာအောင် လုပ်ဆောင်မယ့် ဆုံးဖြတ်ချက်ကို ဖော်ပြနေတယ်လို့ လိုင်ချင်းတီက ပြောပါတယ်။

ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံတာဟာ ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံတာ ဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြားနဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေး ပိုမို ခိုင်မာတဲ့ ကာကွယ်ရေး အင်အားကို မိမိတို့ ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ကြောင်း လိုင်ချင်းတီက ဖြည့်စွက် ပြောပါတယ်။

စစ်တပ်ခေတ်မီရေးဟာ ထိုင်ဝမ်အစိုးရရဲ့ အဓိက မူဝါဒ ဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ အကြိမ်ကြိမ် ကတိပြုထားပါတယ်။

ထိုင်ဝမ် ပြည်တွင်းထုတ် ရေငုပ်သင်္ဘောတွေလည်း တည်ဆောက်သွားမှာ ဖြစ်ပြီး တရုတ်ရဲ့ ခြိမ်းခြောက်မှု ပိုများလာနေတယ်လို့ ထိုင်ဝမ်က ပြောထားပါတယ်။

တရုတ် စစ်တပ်က ထိုင်ဝမ်အနီး နေ့တိုင်းလိုလို ရေပြင်နဲ့ ဝေဟင်မှာ စစ်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ထိုင်ဝမ်ကလည်း တရုတ် ကျူးကျော်မှုကို ခုခံတားဆီးတဲ့ ပုံစံမျိုး စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန် ပြုလုပ်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.