ဘားအံ၊ ဩဂုတ် ၁၅
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရပ်ကွက်တွေမှာ သံလွင်မြစ်ရေ မြင့်တက်လာလို့ ရေဆက်ကြီးနေပြီး လူဦးရေ ၂၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့မှာ မနက်ပိုင်းမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ကျော်လွန်လာပြီးနောက် ဩဂုတ် ၁၄ ရက်နေ့မှာ ၈၄၁ စင်တီမီတာသို့ ရောက်ရှိနေလို့ မြို့အနိမ့်ပိုင်း ရေဝင်နေတဲ့ ရပ်ကွက်တွေ ပိုများလာပြီး လူနေထိုင်လို့မရတော့တဲ့ နေအိမ်တွေက ပြည်သူတွေဟာ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွေ့နေကြရတယ်လို့ ဆိုပါတယ်။
ရေဆက်တက်လာလို့ ပြောင်းရွှေ့သူ များပြားလာပြီး လတ်တလော ကယ်ဆယ်ရေးစခန်း ၄ ခုမှာ လူ ၂၀၀၀ လောက်ရှိနေပြီဖြစ်တယ်လို့ မြို့ခံလူမှုကူညီအသင်းဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ရေဘေးကြောင့် ပြောင်းရွေ့လာသူတွေအတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥတို့လို စားသောက်စရာနဲ့ရေကိုတော့ ကရင်ပြည်နယ်စစ်အစိုးရအဖွဲ့တွေက စီစဉ်ပေးထားပေမဲ့ လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။
ဒါကြောင့် မြို့ခံတချို့နဲ့ လူမှုကူညီရေးအသင်းတွေက ထမင်းထုပ်နဲ့ရေကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးနေကြတယ်လို့ သိရပါတယ်။
မြစ်ရေတက်လာလို့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ ရပ်ကွက် အနိမ့်ပိုင်းတွေမှာ ရေဝင်နေပြီး တချို့နေအိမ်အောက်ထပ်တွေမှာ ရေဝင်လာတာတွေရှိနေပြီလို့ ဆိုပါတယ်။
မြစ်ရေဆက်လက်တက်လာပြီး ပြည်သူတွေရွေ့ပြောင်းရပါက နေထိုင်နိုင်ဖို့ ပြည်နယ်စစ်အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ကယ်ဆယ်ရေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုတွေမှာ ကယ်ဆယ်ရေး စခန်း ၁၁ ခု စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
စစ်အစိုးရ လက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှူးဦးစီးဌာနရဲ့ ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်မှာ ဆက်ရှိနေပြီး နောက်ထပ် ၂၄ နာရီအတွင်း ရေအနည်းငယ်ကျ နိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေနိင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

