သထုံ၊ ဩဂုတ် ၁၄

မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်တွေမှာ အခုရက်ပိုင်းအတွင်း လူငယ် ၁၅ ဦးထက်မနည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာာသိမ်း စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ သြဂုတ် ၉ ရက်နေ့ကစလို့ သထုံမြို့ပေါ် ရပ်ကွက်မှာ အိမ်စီးကားတွေနဲ့ လိုက်ပတ်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ သထုံမြို့ နန်းခဲ၊ လိပ်အင်း၊ ဘင်လှိုင်နဲ့မြို့သစ်ရပ်ကွက်တို့မှာ နေထိုင်သူတွေ ဖြစ်ပြီး အများစုဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ လူငယ်တွေကိုတော့ သထုံမြို့မရဲစခန်းနဲ့ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမမှာ ထိန်းသိမ်းထားပြီး မိသားစုဘက်က တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်ဖို့ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၈ သင်တန်းအတွက် သထုံမြို့နယ်မှာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ညဘက် အပြင်ထွက် သွားလာတဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၇ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၅၆၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.