ကျိုက္ခမီ၊ သြဂုတ် ၁၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ရန်ကုန်က ပြန်လာတဲ့ အမျိုးသမီး တစ်ဦးထံမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိပြီးနောက် မိသားစုဝင်တွေကိုပါ Quarantine ထားရှိထားတယ်လို့ မြို့နယ်ကျန်မားရေးဦးစီးဌာနထံက သိရပါတယ်။

ကျိုက္ခမီမြို့နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သြဂုတ် ၁၃ ရက်နေ့ ည ၇ နာရီအချိန်လောက်က မကြာခဏ ဝမ်းသွားနေတာကြောင့် ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု လာရောက်ခံယူခဲ့ပါတယ်။

အဲဒီနောက် အသက် ၅၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာမှာ Cholera Test Kit Positive ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး ဖြစ်ပွားနေတာ တွေ့ရှိခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိပြီးနောက် အဲဒီအမျိုးသမီးကြီးနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် အမျိုးသား နှစ်ဦနဲ့ အမျိုးသမီး ခုနှစ်ဦးတို့ကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ Quarantine ထားရှိပြီး စောင့်ကြည့်ထားပါတယ်။

ကျိုက္ခမီမြို့နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ကနေ တူမဖြစ်သူနဲ့ ကျိုက္ခမီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းရဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကစလို့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက်မှု စတင် ဖြစ်ပွားခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့အထိ စာရင်းတွေအရ ဆေးရုံတက် ကုသရသူ ၁၈၀ ဦးအထိ ရှိလာပြီး အဲဒီထဲမှာ အသက် ၉၂ နှစ်အရွယ် အဘိုး တစ်ဦး သေဆုံးထားပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ သြဂုတ် ၁၃ ရက်နေ့ကစလို့ လမ်းဘေးဈေးဆိုင်တွေ ပိတ်ပင်ထားပြီး အစားအသောက်နဲ့ရေတွေကိုလည်း ဓါတ်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဆရာဝန်တွေကတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးဟာ ကူးစက်လွယ်ပြီး အချိန်တိုအတွင်း လူအများအပြား ကူးစက်ပျံ့ပွားနိုင်သလို အချိန်မီ မကုသရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.