မော်လမြိုင် ၊ ဩဂုတ် ၁၅

မွန်ပြည်နယ် လွှတ်တော်မှာ မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစုရဲ့ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်လိုက်တဲ့ ကိစ္စကြောင့် လွှတ်‌တော်ကို အယုံအကြည် မဲ့လာတယ်လို့ ဒေသခံ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခရိုနီ ဦးမိုးကျော်ကိုတော့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာပါ။

ခရိုနီ ဦးမိုးကျော်ဟာ လက်ရှိ အာဏာသိမ်း အစိုးရ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဒေသတွင်းက အစိုးရ တင်ဒါလုပ်ငန်း အများစုကို လုပ်ပိုင်ခွင့် ရရှိနေတာ ဖြစ်တဲ့ အပြင် အာဏာသိမ်း အစိုးရရဲ့ စီမံကိန်း အများစုကိုလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးကတော့ ခရိုနီ ဦးမိုးကျော်ဟာ လက်ရှိ မော်လမြိုင်မြို့မှာ ရှိသလောက် မြေတွေကို သိမ်းထားပြီး ဖြစ်တဲ့အတွက် အခုလို သူ့ကို အကြံပေး ခန့်တဲ့ အပေါ် ပြည်သူတွေ စိုးရိမ်မှု ပိုကဲလာသလို လွှတ်တော်ကို အယုံအကြည် မဲ့လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မော်လမြိုင်မှာ ရှိသလောက်လည်း သူသိမ်းပိုက်လိုက်ပြီ၊ သူကို ပြီးတော့ ရှိသမျှ လုပ်ပိုင်ခွင့် အားလုံးလည်း သူပဲ အကြံပေးပြီးတော့ ယူလိုက်ကုန်ပြီ၊ အခုလည်း သူကို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ ပြည်သူတွေ ဘယ်နေရာမှာ ထပ်ပြီး ဒုက္ခရောက်ဦးမလဲဆိုတာ စိုးရိမ်စိတ်က ပိုကဲလာတယ်၊ နဂိုကတည်းကလည်း သူက လုပ်ချင်ရာ လုပ်ခွင့်ရနေတဲ့အပေါ်မှာ အခုလို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ အခုက လွှတ်တော်ကို ဘယ်သူ ပိုပြီး အယုံအကြည် မဲ့သွားပြီး၊ လွှတ်တော်က ဘယ်လိုလုပ် ပြည်သူအတွက် အကျိုးရှိမလဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ခရိုနီ ဦးမိုးကျော်ဟာ ခေတ်အဆက်ဆက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စီးပွားရှာခဲ့ပေမယ့် အရင်က ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ ပြည်သူတွေ အနေနဲ့ ကန့်ကွက်လို့ ရခဲ့ပြီး လက်ရှိ စစ်အစိုးရ လက်ထက်မှာတော့ ကန့်ကွက်လို့ မရတဲ့အတွက် ငြိမ်ခံနေရအုံးမယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း လွှတ်တော် ကော်မတီတွေရဲ့ အကြံပေး ရွေးချယ်ရာမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်သင့်ပြီး အခုလို နီးစပ်ရာကို ထည့်တာဟာ လွှတ်တော်ရဲ့ အနှစ်သာရကို ပျောက်ပျက်စေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ဗျာ တကယ်လို့ ပြည်သူ့ ဆန္ဒနဲ့ ဖြစ်ဖြစ် သို့မဟုတ် မဲနဲ့ ရွေးချယ် ထားတဲ့ လူတွေကို ထည့်တာက ပိုကောင်းတာပေါ့၊ ဘယ်လိုဘဲ ပြောပြော သူ့အနောက်မှာ မဲပေးတဲ့သူ တချို့ ရှိနိုင်တာပေါ့နော်၊ အဲဒီလိုမဟုတ်ဘဲ မဲမပေးဘဲနဲ့ နီးစပ်ရာကို ခေါ်ပြီး ထည့်ထားလို့ ရှိရင် အဲဒီလူတွေက လွှတ်တော်ကို သွားလွှမ်းမိုးမယ်ဆိုရင်တော့ လွှတ်တော်ရဲ့ အနှစ်သာရ ပျောက်ပျက်သွားမယ် ထင်တာပေါ့၊ ဒီလိုပဲပေါ့ သူတို့ ကျွန်တော် ထင်တာတော့ နီးစပ်ရာကိုပဲ ထည့်ပြီးတော့ လုပ်လိုက်တဲ့ သဘောဘဲ ထင်တယ်” လို့ ဆိုပါတယ်။

လက်ရှိ ခရိုနီ လုပ်ငန်းရှင် တစ်ဦးကို လွှတ်တော်မှာ အကြံပေး ခန့်အပ်တာဟာ ဒေသတွင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာပါ သူ့ရဲ့ ချုပ်ကိုင်မှုတွေ ရှိလာနိုင်သလို ဒေသခံတွေရဲ့ စီးပွားရေးတွေကိုပါ လက်ဝါးကြီး အုပ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကျော်သူကတော့ အခုလို လွှတ်တော် ကော်မတီတွေအတွက် အကြံပေး ဖွဲ့တာဟာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေ အသုံးမကျတဲ့ အဓိပ္ပာယ် သက်ရောက်သလို လွှတ်တော်ကို အနုနည်းနဲ့ အာဏာသိမ်းတာ ဖြစ်တယ်လို့ ‌ဝေဖန်ပါတယ်။

“ဒါက လုံးဝ ဖြစ်ကို မဖြစ်သင့်တဲ့ ကိစ္စ၊ ဘာဖြစ်လို့လည်းဆို ဒီလို လွှတ်တော် ကိုယ်စားလှယ်တွေကို အကြံပေးကော်မတီ ဖွဲ့ခြင်းအားဖြင့် နံပါတ်တစ်က ဘာလဲဆို လွှတ်တော် ကိုယ်စားလှယ်တွေ အသုံးမကြဘူး၊ အသုံးမကျလို့ ဒါက အကြံပေး ကော်မတီ ထပ်ဖွဲ့ ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်၊ အဲဒီလိုမျိုးဆိုတော့ ဒီလွှတ်တော်ရဲ့အပေါ်မှာ လွှတ်တော် ကော်မတီတွေရဲ့ အကြံပေး ကော်မတီ ထပ်ဖွဲ့တယ်ဆိုတာတော့ ဒါလွှတ်တော်ကို အနုနည်းနဲ့ အာဏာသိမ်းတယ်လို့ အကိုက မြင်တယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ် လွှတ်တော်ရဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီကိုတော့ ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းက ဦးဆောင်ကာ အတွင်းရေးမှူး အဖြစ် ကျိုက်မရောမြို့နယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်က တာဝန်ယူ ထားတာပါ။

ဒါ့အပြင် အဲဒီ အကြံပေး ကော်မတီကိုတော့ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ ခရိုနီ ဦးမိုးကျော် အပါအဝင် ဌာနဆိုင်ရာ အငြိမ်းစားတွေ၊ စစ်မှုထမ်းဟောင်း အငြိမ်းစားတွေအပြင် တရားလွှတ်တော် ရှေ့နေတွေနဲ့ပါ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် လွှတ်တော်မှာတော့ အခုလို ခရိုနီ လုပ်ငန်းရှင်တွေ ပါဝင်တဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီ ဖွဲ့စည်းလိုက်တဲ့အပေါ် ကိုယ်စားလှယ်တွေအကြား ဝေဖန်မှုတွေ ရှိနေပေမယ့် လွှတ်တော် ဥက္ကဋ္ဌ ကတော့ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.