နေပြည်တော် ၊ ဩဂုတ် ၁၅

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီတော့ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်အောင် အသွင်ပြောင်း စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ကြိုးပမ်းလာနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့က တာဝန်ယူလုပ်ဆောင်နေတာဖြစ်လို့ နောင်မှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနဲ့ သူ့ရဲ့ အခန်းကဏ္ဍ လိုအပ်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့မှာ အသိပေးထားတာပါ။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဆက်ဆက်နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိမှာလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအုပ်ချုပ်တဲ့ အစိုးရအဖြစ် အသွင်ပြောင်းထားသလို လွှတ်တော်တွေလည်း ပေါ်ပေါက်လာတဲ့အခြေအနေမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နောင်နှစ်တွေမှာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးကို စစ်အစိုးရက ကြိုတင်ငြင်းပယ်ထားတာပါ။

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။

တဖက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကနေ ဘုံသဘောတူညီချက် ၅ ရပ်ကို ငြင်းပယ်ကြောင်း အတည်ပြုထားပြီးဖြစ်လို့ စစ်အစိုးရအနေနဲ့ အဲဒီဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မလိုအပ်တော့ဘဲ အာဆီယံကနေ ပယ်ဖျက်စေချင်တဲ့ သဘောမျိုးရောက်အောင် လုပ်ဆောင်နေတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အစိုးရအနေနဲ့ ဘုံသဘောတူညီချက်ကို လက်ခံလိုက်မယ်ဆိုရင် NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုပြီး စားပွဲဝိုင်းပေါ် လက်ခံဆွေးနွေးရမှာဖြစ်တာကြောင့် ငြင်းပယ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ထောက်ခံထားတဲ့ ဘုံသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲပြီး စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

“အာဆီယံ 5 Consensus ဆိုတာ နိုင်ငံရေးအရ ဒေသတွင်းနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်ဖြစ်ပြီးတော့ မြန်မာပြည်က အတိုက်အခံအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဒါကို ထောက်ခံထားတာဖြစ်တဲ့အတွက် အာဆီယံက ဒီမူကို ဆက်လက်ကိုင်စွဲပြီးတော့ အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်တယ်။ လုံးဝ လက်မခံဘဲနဲ့ အတင်းအကျပ် သူတို့ ဂွင်ထဲကိုပဲ ပြန်ဆွဲသွင်းနေတဲ့ ကိစ္စကိုလည်း အာဆီယံအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး မာမာထန်ထန် ပြောသင့်တယ်။ ဒီထက်ပိုတဲ့ အရေးယူမှုတွေ ဒီထက်ပိုတဲ့ ဖိအားတွေ ထပ်ပေးသင့်ပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ အာဆီယံအသိုင်းအဝိုင်းထဲ ပုံမှန်အတိုင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ခွင့်ရရှိခဲ့မှုအပေါ် အဲဒီနိုင်ငံတွေရဲ့ အပြည့်အဝ ကူညီထောက်ခံမှု ရရှိခဲ့တယ်လို့ ဝါဒဖြန့် ပြောဆိုထားတာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ချင်တာကြောင့် တခြားအဖွဲ့ဝင် နိုင်ငံတွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ စစ်အစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းမီဒီယာတွေကို ဖြေကြားထားတာပါ။

လက်ရှိမှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ်နဲ့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဩဂုတ် ၁၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဘက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းမှုတွေ အရှိန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်အစိုးရအနေနဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေကို ပိုလုပ်မယ့် သဘောရှိပေမယ့် ဘုံသဘောတူညီချက်ကတော့ လွယ်လွယ်လေးနဲ့ ပြုတ်သွားမယ် မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီတော့ (ဘုံသဘောတူညီချက် ၅ ရပ်က) လွယ်လွယ်လေးနဲ့တော့ ပြုတ်သွားမယ် မထင်ဘူး။ ဒါပေမယ့် တစ်နိုင်ငံချင်း Bilateral အဲဒီလို တွေ့ဆုံမှုမှာတော့ မြန်မာအစိုးရဘက်က အဲဒီကိစ္စကို မဆွေးနွေးဘဲနဲ့ တခြား ကိစ္စတွေကိုပဲ ဆွေးနွေးပါဆိုပြီးတော့ လုပ်လာတဲ့ လှုပ်ရှားမှုတွေကို ပိုတွေ့မြင်ရပါလိမ့်မယ်။ အဲဒီတော့ လွယ်လွယ်‌လေးနဲ့တော့ ဘုံသဘောတူညီချက်ကို အာဆီယံအဖွဲ့အားလုံး ပေါင်းထားတဲ့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ လွယ်လွယ်လေးနဲ့တော့ ပြုတ်သွားမယ်လို့ မထင်ပါဘူးခင်ဗျ”လို့ ဆိုပါတယ်။

အာဆီယံကတော့ မြန်မာ့အကျပ်အတည်းဖြေရှင်းတဲ့နေရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကမူဘောင်အဖြစ် ဆက်လက်ဆုပ်ကိုင်ထားပြီး လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ စစ်အစိုးရဘက်က လိုက်နာမှု ရှိ မရှိ တိုင်းတာနိုင်မယ့် စံနှုန်းတွေ သတ်မှတ်ဖို့ ရှိနေတာပါ။

ဒီအခြေအနေမှာ စစ်အစိုးရက သံတမန်ရေးနည်းလမ်းအရ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို နောင်မှာ ဆက်လက် မလိုအပ်တော့ဘူးဆိုတဲ့ သဘောထားကိုလည်း အတိအလင်းကြေညာခဲ့ပါတယ်။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကတော့ မြန်မာ့အရေး ဖြေရှင်းတဲ့နေရာမှာ သဘောတူညီချက် ၅ ရပ် ကို မြန်မာစစ်အစိုးရက လိုက်နာမှုမရှိသရွေ့ ခေါင်းဆောင်တွေကို အာဆီယံရဲ့ နိုင်ငံရေးအဆင့် အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လိုက်နာပါမယ်လို့ သဘောတူခဲ့တာပါ။

ဒါပေမယ့် အမှန်တကယ် လိုက်နာ အကောင်အထည်ဖော်ခြင်း မရှိခဲ့သလို လက်ရှိမှာလည်း အဲဒီဘုံသဘောတူညီချက်ဟာ အာဆီယံအလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့တာမို့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒ မဟုတ်ဘူးလို့ စစ်အစိုးရက တုံ့ပြန်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.