ရေး၊ သြဂုတ် ၁၀
မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အသိပေးထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား အောင်သပြေကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဘက်က လက်ဦးမှု ရယူနိုင်ခဲ့ပေမယ့် တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ် ပြန်လည်ပစ်ခတ်မှုကြောင့် ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် နှစ်ဦးဟာ ရာမညမွန်တပ်တော် RMA တပ်ရင်း- ၉၀၁ က ရဲဘော်ကျော်စွာဝင်း (ခ) ဂျေကြီးနဲ့ ရဲဘော်သော်ဇင် (ခ) ဧရာ တို့ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ရာမညမွန်တပ်တော် RMA၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဗျူဟာ (၃၃) ၈၀၀၁ တပ်ရင်း YGF တို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲပြီးနောက် သုံးဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းထံ စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – RMA

