ဘားအံ၊ သြဂုတ် ၁၁

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ မြင့်တက်လာမှုနဲ့အတူ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်တချို့က အနိမ့်ပိုင်းနေရာတွေ ရေဝင်ရောက်လာပြီးနောက် ကျေးရွာရပ်ကွက်တွေမှာ ယာယီရေဘေးရှောင်စခန်း ၂၇ ဖွင့်လှစ်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားနိုင်ဖို့ မိုးလေဝသဌာနက ဩဂုတ် ၁၀ ရက်နေ့မှာ သတိပေးထားပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က ဘားအံမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ရှိနေပြီး သံလွင်မြစ်ရေကလည်း ထပ်မံမြင့်တက်လာခဲ့တာကြောင့် မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်တွေဆီ ရေတွေဝင်ရောက်လျက်ရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

သံလွင်မြစ်ရေတက်လာမှုကြောင့် မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေ ရေလွတ်ရာဆီ ပြောင်းရွှေ့နိုင်ရေးအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိပြီး ရေဘေးသင့်ပြည်သူတွေကို ဆန် ဆီနဲ့ ကြက်ဥတွေ စီစဉ်ထားရှိကြောင်း စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ် အစိုးရ ဆိုထားပါတယ်။

လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုတွေမှာ စခန်း ၁၁ ခု စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ထားရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ပေါ်မှာလည်း သံလွင်မြစ်ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်လာနေတယ်လို့ ကမမောင်းဒေသခံတွေက ဆိုပါတယ်။

ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးလာပြီး ရေဝင်ရောက်လာနေချိန် ဒေသခံတွေကတော့ ကုန်ဈေးနှုန်မြင့်မားမှုဒဏ်နဲ့ စက်သုံးဆီပြတ်လပ်မှု စတဲ့ အခက်အခဲတွေငို လက်ရှိကာလမှာ ရင်ဆိုင် ကြုံနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.