မော်လမြိုင် ၊ ဩဂုတ် ၁၁
မွန်ပြည်နယ် မြို့တော် မော်လမြိုင်မြို့ရဲ့ အထင်ကရ လမ်းပိုင်းတစ်ခုဖြစ်တဲ့ တောင်ရိုးတန်းလမ်းမှာ ဒုစရိုက်မှုတွေ ဖြစ်ပွားမှုအပေါ် ကျိုက်မရောမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဋ်က လွှတ်တော်မှာ မေးခွန်းထုတ်လိုက်ပါတယ်။
ဒီမေးခွန်းကိုတော့ သြဂုတ် ၁၀ ရက်နေ့က ကျင်းပတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှား မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
မေးခွန်းရှင်က တောင်ရိုးတန်းလမ်းဟာ ကိုယ်လက်လှုပ်ရှားသူတွေ၊ အပန်းဖြေသူတွေ၊ ပြည်တွင်း ပြည်ပဘုရားဖူးတွေနဲ့ စည်ကားလျက်ရှိပြီး အဲဒီအခြေအနေကို အခွင့်ကောင်းယူကာ ဒုစရိုက်မှု ပြုလုပ်လိုသူတွေအနေနဲ့ အခြေအနေ ပေးရင် ပေးသလို ဒုစရိုက်မှုတွေ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တောင်ရိုးတန်းလမ်းမှာ အရင်က ထားရှိခဲ့ဖူးတဲ့ ရဲကင်းစခန်းကို ပြန်လည် ထားရှိဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဋ်က မေးခွန်းမေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က တောင်းရိုးတန်းလမ်းဟာ မော်လမြိုင် မြို့မ ရဲစခန်းနဲ့ ၄ ဖာလုံခန့်၊ စစ်ကဲကုန် နယ်မြေ ရဲစခန်းနဲ့ ၁ မိုင်ခန့်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ ၂ ဖာလုံခန့်သာ ကွာဝေပြီး ရဲစခန်းတွေနဲ့ နီးကပ်တဲ့အပြင် လှည့်ကင်း၊ ရပ်ကင်းတွေပါ ဆောင်ရွက်လျက် ရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုလို လှည့်ကင်း၊ ရပ်ကင်းတွေနဲ့ ဆောင်ရွက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ဒုစရိုက်မှုတွေ၊ လုယက်မှုတွေနဲ့ တခြား မှုခင်းတွေ ဖြစ်ပွားတာ မရှိခဲ့ဘဲ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာမှ ဆိုင်ကယ် တက္ကစီသမားကို သတ်ဖြတ် လုယူတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ် တက္ကစီသမားကို သတ်ဖြတ် လုယူတဲ့ ဖြစ်စဉ်ကလည်း ငွေရလိုမှု အတွက် ကြိုတင် ကြံစည်တဲ့ ဖြစ်စဉ် ဖြစ်ပြီး သာမန်အားဖြင့် ရဲတပ်ဖွဲ့က ပုံမှန် လှည့်ကင်း ဆောင်ရွက်နေတာကြောင့် ရာဇဝတ်မှုတွေ ဖြစ်ပွားတာ မရှိခဲ့ဘဲ အခု ကြိုတင် ကြံစည်မှုကြောင့်သာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြောပါတယ်။
တောင်ရိုးတန်းလမ်းမှာ မှုခင်းတွေ ထပ်မံ မဖြစ်ပွားဖို့အတွက် မော်လမြိုင် မြို့မ ရဲစခန်းနဲ့ စစ်ကဲကုန်း ရဲစခန်းတို့မှ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေ ဆောင်ရွက်နေပြီး မွန်ပြည်နယ် ရဲတပ်ဖွဲ့ အစီအစဉ်နဲ့ ပြည်နယ် ရဲအကူ တပ်ဖွဲ့ခွဲမှ ဒုရဲမှူး ဦးစီးပြီး ၁၀ ဦးနဲ့ လမ်းတစ်လျှောက် လုံခြုံရေး ဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တောင်ရိုးတန်းလမ်း တစ်လျှောက် လုံခြုံရေး ရဲကင်းစခန်း ဖွင့်လှစ် ထားရှိဖို့ အစီအစဉ် မရှိသလို တောင်ရိုးတန်းလမ်း တစ်လျှောက် လုံခြုံရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့ အပြင် ပြည်နယ် ရဲအကူ တပ်ဖွဲ့မှ ထုတ်နုတ် အင်းအားတွေနဲ့ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မော်လမြိုင်မြို့ရဲ့ တောင်ရိုးတန်းလမ်းမှာတော့ အရင်က ပြည်သူတွေ လုံခြုံမှု ရှိဖို့နဲ့ ဒုစရိုက်မှုတွေ မဖြစ်ပေါ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က View Point အနီးမှာ ဒေသန္တရ အမိန့်နဲ့ ရဲကင်းစခန်း တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီနောက် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ အဲဒီရဲကင်းစခန်းကို ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ခိုးဆိုလုနှိုက်မှုတွေ၊ လုယက် သတ်ဖြတ်မှုတွေအပြင် ဒုစရိုက်မှုတွေ မကြာခဏ ဖြစ်ပွား လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

