ရေုဖြူ၊ ဩဂုတ် ၁၀

မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ်ဖြစ်တဲ့ ရေး – ရေဖြူလမ်းပိုင်းမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ရေးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၉ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကျွဲတလင်းနဲ့ရာဖူးကျေးရွာအနီးမှာ အင်အား ၆၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ရေးဘီလူးအဖွဲ့နဲ့ KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲပြီးနောက် အင်အား ၂၀၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်း နှစ်ကြောင်းဟာ မင်းသားကျေးရွာနဲ့ကလိန်အောင်ဘက်ကနေ ရာဖူး၊ ကျွဲတလင်းတဝိုက်မှာ တပ်ဖြန့်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိနေပေမယ့် နှစ်ဖက်အဖွဲ့အစည်းတွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

ရေး – ရေဖြူလမ်းပိုင်းမှာ တိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေဟာ လမ်းအခြေအနေကို စောင့်ကြည့်ပြီး သွားလာနေရသလို နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ မကြာခဏ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.