ရေး၊ သြဂုတ် ၁၀

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ Facebook အကောင့်မှာ Comment ဝင်ရေးသူတွေ စောင့်ကြည့်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေကို ရေးဘီလူး အကောင့်မှာ Comment ဝင်ရောက်ရေးသားမှုနဲ့ ရဲတပ်ဖွဲ့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာပါ။

မဖူးပွင့်ဝေဟာ ရေးဘီလူး အကောင့်မှာ အားလုံးဘေးကင်းကြပါစေ၊ အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလဲ အောင်မြင်ကြပါစေ၊ အစစအရာရာ ဂရုစိုက်ပါအကျဲရေဆိုတဲ့ Comment ဝင်ရောက်ရေးသားမှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ မဖူးပွင့်ဝေကိုတော့ သံဖြူဇရပ်မြို့မရဲစခန်းမှာ အကြိမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

အလားတူ သြဂုတ် ၈ ရက်နေ့ကလည်း သံဖြူဇရပ်-ကျိုက္ခမီလမ်းပိုင်းမှာ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဇင်မင်းခိုင်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဦးဇင်မင်းခိုင်အား စစ်ဆေးရာမှာ ရေးဘီလူး အကောင့်မှာ ညီကိုရေ သတိတော့ထားပါ၊ ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ၊ အခုလိုမြင်ရ ဝမ်းသာပါတယ် ညီကိုရေ အရာအားလုံး ဂရုစိုက်ပါတယ်ဆိုတဲ့ Comment ဝင်ရေးမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးထားတဲ့ ဦးဇင်မင်းခိုင်ကိုလည်း မုဒုံမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

စစ်တပ် အသွင်ပြောင်း အစိုးရ ဖွင့်လှစ်ထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခုနှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.