ဆိုးလ် ဩဂုတ် ၆

တောင်ကိုရီးယားနိုင်ငံမှာ အပူလှိုင်းအန္တရာယ် အဆိုးရွားဆုံးအဆင့်ကို ရင်ဆိုင်နေရပြီး မြို့တော် ဆိုးလ်မှာ သြဂုတ် ၇ ရက်နေ့အတွင်း အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဒီလို အပူလှိုင်းကြောင့် တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ လူပေါင်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် သမ္မတ လီဂျေးမြောင်က အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အစိုးရဝန်ကြီးဌာနတွေနဲ့ ဒေသအာဏာပိုင်တွေကို အပူလှိုင်းလျော့ကျသွားတဲ့အထိ လူအင်အားနဲ့ အရင်းအမြစ်အားလုံးကို အသုံးချပြီး တုံ့ပြန်ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်ပါတယ်။

သမ္မတ လီက “အရင်တုန်းက နိုင်ငံတကာသတင်းတွေထဲမှာပဲ တွေ့ဖူးတဲ့ အလွန်ပြင်းထန်တဲ့ အပူလှိုင်းမျိုးဟာ အခုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်မှန် ဖြစ်လာပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးထိခိုက်လွယ်သူတွေကို အထူးကာကွယ်ပေးဖို့နဲ့ နေပူပြင်းတဲ့အချိန်မှာ ပြင်ပအလုပ်သမားတွေ မဖြစ်မနေ အနားယူရမယ့် စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့လည်း အမိန့်ပေးပါတယ်။

အခု ခန့်မှန်းထားတဲ့ ၃၉ ဒီဂရီစင်တီဂရိတ်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ဆိုးလ်မြို့မှာ မှတ်တမ်းတင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန် ၃၉.၆ ဒီဂရီစင်တီဂရိတ်နဲ့ နီးစပ်နေပါတယ်။

တဖက်မှာလည်း ညအချိန်တောင် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက် မကျသေးတဲ့ “အပူည” အခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး၊ ပြည်သူအများအပြားဟာ ချောင်းဘေးတွေ၊ စျေးဝယ်စင်တာတွေနဲ့ လေအေးပေးစက်ရှိတဲ့ နေရာတွေမှာ အပူရှောင်နေကြတာကို ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။

အပူဒဏ် အလွန်ပြင်းထန်နေတာကြောင့် တောင်ကိုရီးယား ဘေ့စ်ဘောအဖွဲ့ချုပ် (KBO) က ဩဂုတ် ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ကစားမယ့် ပွဲစဉ် ၁၀ ပွဲလုံးကို ဖျက်သိမ်းလိုက်ရပါတယ်။

ပရိသတ်တချို့ဟာ ပွဲကြည့်နေစဉ် အပူဒဏ်ကြောင့် မူးလဲခဲ့ကြပြီး အင်ချွန်းမြို့က ပွဲတစ်ပွဲမှာတော့ ပရိသတ်တစ်ဦး လဲကျသတိလစ်သွားခဲ့တယ်လို့ သိရပါတယ်။

မိုးလေဝသပညာရှင်တွေကတော့ တောင်ကိုရီးယားကို တိုက်ရိုက်မဝင်ရောက်ပေမယ့် “ဒေါ့ဖင်” တိုင်ဖွန်းမုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် အရှေ့ဘက်လေတွေ ပိုမိုအားကောင်းလာပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်တန်းတွေကို ဖြတ်ကျော်တဲ့အခါ ပူပြီးခြောက်သွေ့တဲ့လေအဖြစ် ပြောင်းလဲသွားတာကြောင့် ဆိုးလ်အပါအဝင် အနောက်ပိုင်းဒေသတွေမှာ အပူချိန်ကို ပိုမိုမြင့်တက်စေတယ်လို့ ရှင်းပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.