ဘန်ကောက်၊ ဇူလိုင် ၃
ဇူလိုင် ၂ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မက်ခ်ဒါဟမ်ခရိုင် မူအမ်းဒေသမှာ ဘုရားဖူးခရီးအတွက် တန်းစီ လမ်းလျှောက်လာတဲ့ ဘုန်းတော်ကြီးတွေကို အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေး တစ်ယောက် မောင်းလာတဲ့ ပစ်ကပ်ကား ဝင်တိုက်မှုကြောင့် ဘုန်းတော်ကြီး ၉ ပါး ပျံလွန်တော်မူပြီး တခြား လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နာဆီနူအမ်ကျေးရွာ ဟွာအီဆိမ်းဒေသသို့ အဝင်လမ်းတလျှောက် ဘုန်းတော်ကြီး ၃၄ ပါး ပါဝင်တဲ့ အဖွဲ့ လမ်းလျှောက်လာချိန် မနက် ၁၁ နာရီ ၅၅ မိနစ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီး ၅ ပါး အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တာ ဖြစ်ပြီး တခြား ၄ ပါးကတော့ မက်ခ်ဒါဟမ် ဆေးရုံရောက်ပြီးမှ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာ ပြင်းထန်တဲ့ ဘုန်းတော်ကြီး ၃ ပါး ဆေးရုံ ဆက်တက်နေရဆဲ ဖြစ်ပြီး တခြား ဘုန်းတော်ကြီး ၉ ပါးနဲ့ ကပ္ပီယ တစ်ဦး အသေးစား ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီး ၉ ပါးရဲ့ ဘွဲ့ အမည်တွေကို ဘန်ကောက်စ်ပို့ သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီ ဝမ်းနည်းစရာ ဖြစ်ရပ်နဲ့ မကြုံခင် ဘုန်းတော်ကြီးတွေဟာ ဆွမ်းဘုန်းပေးခဲ့ပြီးနောက် သူတို့ရဲ့ ဘုရားဖူးခရီးစဉ်အတွက် လမ်း ဆက်လျှောက်လာကြတာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးတွေကို ဝင်တိုက်တဲ့ ကားဟာ Isuzu ကား အမျိုးအစား ဖြစ်ပြီး ၁၁ နှစ်အရွယ် ယောကျ်ားလေး တစ်ယောက် မောင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ သူ့ဖခင်ရဲ့ကားကို ခွင့်ပြုချက် မတောင်းဘဲ မောင်းလာတာ ဖြစ်ပြီး ဒွန်တန် ဒေသကနေ ၁၀ ကီလိုမီတသာလောက် အရောက်မှာ ဘုန်းတော်ကြီးတွေကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
သားဖြစ်သူ ကားမောင်းပြီး ထွက်သွားပြီးနောက် ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့ကိုဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ သူ့မိခင်က ပြောပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှု မတိုင်ခင် အဲဒီကားကို ကြားဖြတ် တားဆီးဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ကားနဲ့ဝင်တိုက်ခဲ့တဲ့ ကောင်လေးကို မူအမ်ဒေသ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပေမယ့် အကြောက်လွန်နေတာကြောင့် မေးခွန်းတွေ မေးလို့ မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
သူဟာ ကားမောင်းလာရင်း အရှိန် မထိန်းနိုင်ဖြစ်ပြီး ဘုန်းတော်ကြီး အများအပြားကို ဝင်တိုက်ခဲ့တာကြောင့် အခုလို ထိခိုက်မှု များခဲ့တာ ဖြစ်ပါတယ်။
သတင်း ဓာတ်ပုံတွေထဲမှာ ဖော်ပြထားတဲ့ ကားကတော့ ရှေ့ဦးပိုင်း တော်တော်ကြီး ထိခိုက် ပျက်စီးထားတာ တွေ့ရပါတယ်။
Ref:Bangkokpost

