မော်လမြိုင် ၊ ဇွန် ၂၀
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို တားဆီး ပိတ်ပင်ရေး မွန်ပြည်နယ် စစ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ဒီအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ငါးဦး ထောက်ခံ ဆွေးနွေးပြီးနောက် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
အဆိုရှင်က မြန်မာနိုင်ငံမှာ လောင်းကစားမှု တားမြစ်ရေး ဥပဒေ ရှိပေမယ့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးရဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို ပွဲတော်သဖွယ် ကျင်းပနေတာဟာ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေးကို စိန်ခေါ်နေသလို ပြည်သူ့ဘဝလုံခြုံရေးကို များစွာ ခြိမ်းခြောက်နေတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းတွေဟာ သာမန် အခြေအနေမျိုး မဟုတ်ဘဲ တချို့သော နိုင်ငံခြား တိုင်းပြည် တွေလို တရားမဝင် လောင်းကစားဂိုဏ်းအဖြစ် မာဖီးယား ဆန်ဆန် ပြုလုပ်နေပြီး သူတို့ကို တိုင်ကြားသူ၊ နှောင့်ယှက်သူ တွေကို ခြိမ်းခြောက်တာ၊ ဖိအားပေးတာ၊ ရန်ရှာ အန္တရာယ်ပေးတာတွေကို လူမိုက်မွေးပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေးအဆိုအား မွန်ပြည်နယ် လွှတ်တော်မှာ အတည်ပြုမှုအပေါ် မွန်ဒေသခံပြည်သူ တစ်ဦးက ထောက်ခံကြိုဆိုကြောင်းနဲ့ အမှန်တကယ် ပိတ်သိမ်းပေးဖို့ လိုအပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ် ပိတ်သိမ်းတယ် ဆိုရင်တော့ ကြိုဆိုတာပေါ့။ ပိတ်သိမ်း မသိမ်းတော့ ကြည့်ရမှာပေါ့။တကယ်လို့ လောင်းကစားဝိုင်း ပိတ်သိမ်းရင်တော့ ခိုးဆိုးလုနှိုက် ကိစ္စတွေ ချုပ်ငြိမ်း သွားမယ်ပေါ့။လောင်းကစားနဲ့ပတ်သက်တဲ့ မိသားစုတွေ ပိုပြီး အဆင်ပြေသွားနိုင်တာပေါ့”လို့ ဆိုပါတယ်။
လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေးအဆိုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ပွဲလမ်းသဘင်တွေမှာ လောင်းကစားဝိုင်းတွေ ပါရှိမှု မရှိစေရေးနဲ့ ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်ဆောင်ရွက်သွားဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီလို့ ပြောပါတယ်။
ဒါ့အပြင် လောင်းကစားတွေကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားဖို့၊ လောင်းကစားတွေ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနဲ့ ပြန်လည် မရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုသွားပါတယ်။
မွန်ဒေသခံ လူငယ် တစ်ဦးကလည်း လောင်းကစားဝိုင်းတွေ မရှိရင် ပိုကောင်းပြီး လောင်းကစားဝိုင်းတွေကြောင့် ဖြစ်ပေါ် နေတဲ့ မိသားစု အဆင်မပြေမှုတွေ ပပျောက်သွားမယ့်အပြင် သူခိုးဂျပိုးတွေလည်း ပပျောက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ အမြင်ကတော့ လောင်းကစားဝိုင်း မရှိတာ ကတော့ ပိုကောင်တာပေါ့။ လောင်းကစားဝိုင်း ရှိရင် မိသားစု တွေလည်း ပြဿနာတွေ ဖြစ်တယ်။တချို့ ဆိုရင် လင်မယားချင်း ဖြစ်တယ်၊ တချို့ ကျတော့ သားအမိတွေ ငွေရေး ကြေးရေး ကိစ္စနဲ့ ဖြစ်ကြတာတွေ ရှိတယ်။တကယ် ပပျောက် သွားမယ် ဆိုရင်တော့လည်း ပိုပြီးတော့ အဆင်ပြေတာပေါ့။သူခိုးဂျပိုးတွေ လျော့သွားမှာပေါ့”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကို အရင် ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တရားဝင် သဖွယ် ဖွင့်လှစ်ခွင့်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေးအဆိုအား မွန်ပြည်နယ် လွှတ်တော်မှာ အတည်ပြုမှုအပေါ် ဒေသခံပြည်သူတွေအကြား ကြိုဆိုထောက်ခံမှုတွေ ရှိနေပြီး စစ်အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုကို စောင့်ကြည့်သွားဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

