ပန်ဆန်း ၊ ဇွန် ၂၀

ထာဝရငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးခြေလှမ်းကို နိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ဦးတည်လာပါတယ်။

အထူးသဖြင့် စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ NDAA နဲ့ UWSA အဖွဲ့ကို စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့တာပါ။

ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က ဇွန် ၁၇ ရက်နေ့မှာ အထူးဒေသ (၄) မိုင်းလားက NDAA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ၁၈ ရက်နေ့မှာတော့ ပန်ဆန်းမြို့က UWSA ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံခဲ့မှုအတွင်း ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ နယ်စပ်တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒေသဖွံ့ဖြိုး‌ရေးတို့ကို အလွတ်သဘောဆွေးနွေးခဲ့တယ်လို့ NDAA နဲ့ UWSA တို့က ကိုယ်စီ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

NDAA ထုတ်ပြန်ချက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိက ဦးစားပေးကာ အထူးဒေသ ၄ အပါအဝင် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဒေသတည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူး‌ပေါင်းသွားမယ်လို့ ပြောဆိုခဲ့တာပါ။

ဆွေးနွေးပွဲအတွင်း မိုင်းလားအဖွဲ့ NDAA ဥက္ကဌ ဦးထိန်လင်းက ဥက္ကဌဟောင်း ဦးစိုင်းလင်းချမှတ်ခဲ့တဲ့ ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး ဆိုတဲ့ ပင်မလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး တိုင်းရင်းသား အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် စွဲမြဲစွာ ဆုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နည်မြေတည်တံ့ခိုင်မြဲရေးတို့ကို စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး နိုင်ငံတော်အဆင့် လုပ်ငန်း အသီးသီးမှာလည်း အပြုသဘောဆောင် ဆက်လက်ပါဝင်သွားမယ်လို့ ပြောကြားထားတာပါ။

မိုင်းလားအဖွဲ့ NDAA နဲ့ “ဝ” အဖွဲ့ UWSA တို့ဟာ အာဏာသိမ်းကာလ စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ခေါင်းဆောင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပြီး ဦးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံခဲ့မှုတွေအတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ တောင်းဆိုခဲ့မှုအပေါ် စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူညီပြီး နောင်လွှတ်တော်ပေါ်လာရင် ထောက်ခံရပ်တည်သွားမယ်လို့ ထုတ်ပြောထားတာပါ။

ဒီအခြေအနေတွေအပေါ် ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ “ဝ” အဖွဲ့တို့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရအောင် တည်ဆောက်မယ်လို့ ထုတ်ပြောထားတာပါ။ ဒါပေမယ့် လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသကို အခြေခံတဲ့ ဖက်ဒရယ်လို့ မေ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ SNA ကလည်း ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားတွေ နေထိုင်တဲ့ နယ်မြေတွေကို ဥပဒေနဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နဲ့ ဒေသ သတ်မှတ်ရေးနဲ့ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်သလို ကန့်သတ်ချက်တွေလည်း အများကြီးရှိနိုင်တယ်လို့ ထောက်ပြထားကြတာပါ။

လက်ရှိမှာ လွှတ်တော်တွေ ပြန်လည် စတင်နေပြီး စစ်အစိုးရဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သဘောတူညီထားတဲ့ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဇွန် ဒုတိယပတ်အတွင်း အသိပေးခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးပါတီများ အစုအဖွဲ့ အပါအဝင် ငြိမ်းချမ်းရေးညှိနှိုင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းရရှိထားတဲ့ အချက်တွေဖြစ်ပေမယ့် ဘယ်လိုအကြောင်းအရာတွေ ပါမလဲဆိုတာ ဘက်အသီးသီးက အသိပေးထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်အစိုးရအနေနဲ့ လောဆယ်မှာ ရက် ၁၀၀ စီမံချက်ဆိုပြီး ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ SNA၊ SSPP၊ 7 EAO Alliance ၊ UWSA နဲ့ NDAA တို့ကို အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းကာလကနေ လက်ရှိအချိန်အထိ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

တစ်ဘက်မှာ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်နေမှုအပေါ် တရုတ်နိုင်ငံက ကူညီပေးသွားမယ်လို့ ပူးတွဲကြေညာထားတာပါ။

ဒါကြောင့် မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရအနေနဲ့ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.