ကော့ကရိတ်၊ ဇွန် ၂၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာကြောင့် အခက်ကြုံနေရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အင်အား ၁၀ ဦးလောက်နဲ့ ကော့ဘိန်းကျေးရွာ အလယ်တန်းခွဲကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်တပ်ဘက်က တပ်သား နှစ်ဦး သေဆုံးပြီးနောက် ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို စစ်တပ်တပ်ဘက်က ချက်ချင်းဆိုသလို ထုတ်ပြန်လိုက်တာပါ။
ရွာခံတွေရဲ့ ပြောပြချက်အရ စစ်သား နှစ်ဦး သေဆုံးသွားတဲ့အတွက် စစ်တပ်ဘက်က အုပ်ချုပ်ရေးမှူးကနေတဆင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း အသိပေးပြောဆိုတာ ဖြစ်ပါတယ်။
ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို မလိုက်နာပါက ပစ်ခတ်မှု ဖြစ်လာရင် တာဝန်မယူဘူးလို့ အာဏာသိမ်း စစ်တပ်က ခြိမ်းခြောက်ထားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ညမထွက်ရအမိန့်ကြောင့် ညပိုင်း အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် သွားလာလို့မရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကော့ဘိန်းရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်ပိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်က ကော့ဘိန်းရွာမှာ အင်အားအလုံးအရင်းနဲ့ လာရောက်တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်း စစ်တပ်ဟာ ကော့ဘိန်းကျေးရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ချောင်းဝဘုရားအပါအဝင် နေရာ လေးခုမှာ ဝင်ရောက်တပ်စွဲထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

