ကျိုက်ထို၊ ဇွန် ၁၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းစောင့်ကျေးရွာ လမ်းဆုံမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇွန် ၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်လောက်မှာ ချောင်းစောင့်ကျေးရွာ လမ်းဆုံကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။
ဒီဗုံးကြဲမှုဟာ ဖာပွန်တိုက်ပွဲကနေ ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေ ချောင်းစောင့်ကျေးရွာ လမ်းဆုံရှိ ဈေးဆိုင်တစ်ခုမှာ ခေတ္တနားခိုနေချိန် အာဏာသိမ်း စစ်တပ်က သတင်းအရ လေကြောင်းကနေ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။
အဲဒီဗုံးကြဲမှုအတွင်း တော်လှန်ရေး ရဲဘော် လေးဦးနဲ့ဆိုင်ရှင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် လေးဦးနဲ့ အရပ်သားပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ အဲဒီနေ့ မနက် ၁ နာရီအချိန်ခန့်ကလည်း အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ စစ်ရှောင်ဒုက္ခသည်စခန်းကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချသွားတာ ဖြစ်ပါတယ်။
စစ်ရှောင်ဒုက္ခသည်စခန်း ဗုံးကြဲမှုအတွင်း အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် နေအိမ် အဆောက်အဦး ငါးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

