ထားဝယ်၊ ဇွန် ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ငါးဦး ထွက်ပြေးသွားတယ်လို့ မြို့ခံတွေအပါအဝင် နယ်မြေခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ပေါက်တိုင်းတံတားဂိတ်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တပ်သား ငါးဦးဟာ လှည့်ကင်းထွက်မယ်ဆိုပြီး ထွက်သွားရာကနေ ပြန်မရောက်လာတာတော့လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သား ငါးဦးကို အာဏာသိမ်း စစ်တပ်က အပြင်းအထန် လိုက်လံရှာဖွေနေပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သား ငါးဦးဟာ စစ်မှုထမ်းသင်တန်းဆင်းတာ မကြာသေးပေမယ့် ဂိတ်ရဲ့ လူအင်အား လိုအပ်ချက်ကြောင့် ယာယီတာဝန်ပေးခံရသူတွေ ဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်တိုင်းတံတားဂိတ်ဟာ ထားဝယ်မြို့အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေကအစ အစစ်ဆေးကြမ်းတဲ့ ဂိတ်ဖြစ်ပြီး  တပ်အင်အား ၄၀ ကျော် တပ်စွဲထားတဲ့ ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်း စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေဟာ မကြာခဏဆိုသလို ထွက်ပြေးတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချ အလင်းဝင်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.