ရေး၊ ဇွန် ၁၈

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ငြိမ်းချမ်းရေး အိမ်ရာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ ဇွန် ၁၉ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ အာဏာသိမ်းစစ်တပ်ဟာ ရေးချောင်းဖျားဒေသ ချောင်းနှစ်ခွရွာမှာ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး အိမ်ရာတွေကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ငြိမ်းချမ်းရေး အိမ်ရာက နေအိမ် ငါးလုံးထက်မနည်း ထိမှန်ပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်တပ် ဗုံးကြဲသွားတဲ့ အိမ်ရာတွေဟာ မွန်ပြည်သစ်ပါတီ NMSP တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီးနောက် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်းဒေးရှင်းက ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်လှူဒါန်းထားတဲ့ အိမ်ရာတွေ ဖြစ်ပါတယ်။

ဒီအိမ်ရာတွေမှာ စစ်ရှောင်ပြည်သူတွေအပါအဝင် ဌာနေဒေသခံ နေထိုင်နေကြတာ ဖြစ်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး နိုင်ဟံသာ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ NMSP ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ စစ်တပ်က ဖိတ်ခေါ်တဲ့ နေပြည်တော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြဲလို သွားတက်နေတာပါ။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း ရေးချောင်းဖျားဒေသမှာရှိတဲ့ ရေးဘီလူးအဖွဲ့စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲကနေ ဗုံးကြဲသွားတာကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလနဲ့ အခုဇွန်လအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် လာရောက်ပြုလုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.