ဘေဂျင်း၊ ဇွန် ၁၈

ကမ္ဘောဒီးယားမှာ ကျားဖြန့် စင်တာတွေ ဖွင့်လှစ်ထားတဲ့ ထင်ရှားတဲ့ ရာဇဝတ်ဂိုဏ်းရဲ့ ဦးဆောင် အဖွဲ့ဝင်ဆိုသူကို တရုတ်ထံ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဘေဂျင်းအစိုးရက ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယားဟာ အွန်လိုင်းက ချစ်ကြိုဟန်ဆောင်ပြီး လိမ်လည်တာ၊ ရင်းနှီးမြှုပ်နှံရေး မက်လုံးတွေ ပေးပြီး လိမ်လည်တာတွေ လုပ်ဆောင်နေတဲ့ ကျားဖြန့်လုပ်ငန်း စုရပ် တစ်ခု ဖြစ်လာခဲ့ပြီး ဒီလုပ်ငန်းတွေမှာ အလုပ်စေခိုင်းဖို့ ကမ္ဘာတဝှမ်းက လူတွေကိုလည်း မှောင်ခိုကူးပြီး ခေါ်ယူထားတာ ဖြစ်ပါတယ်။

ကျားဖြန့် စင်တာတွေ လုံးဝ ကင်းစင်ပြီလို့ ကြေညာထားတဲ့ တရုတ်အပါအဝင် နိုင်ငံ တချို့ရဲ့ ဖိအားကြောင့် ကမ္ဘောဒီးယား အာဏာပိုင်တွေက ကျားဖြန့်လုပ်ငန်းတွေကို သူတို့ နှိမ်နှင်းနေတယ်လို့ ပြောကြားခဲ့တာပါ။

လွီရန်လို့ ခေါ်ဆိုသူကို လုံခြုံရေး တပ်ဖွဲ့တွေက တရုတ်နိုင်ငံ တောင်ပိုင်းသို့ လေယာဉ်နဲ့ စောင့်ကြပ် ခေါ်ဆောင်လာပြီး လက်ထိပ်ခတ်ခံထားရတဲ့ သူ့ရဲ့ ခေါင်းပေါ်က အနက်ရောင် အိတ်တစ်လုံးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မတင်လိုက်တာ မြင်ရပါတယ်။

တရုတ် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက လွီရန်ကို ဖမ်းဆီး ခေါ်ဆောင်လာပုံ ဗီဒီယိုဖိုင် ဇွန် ၁၇ ရက် ထုတ်ပြန်ချိန်မှာ အဲဒီလို မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အရာရှိတွေရဲ့ အားကောင်းတဲ့ ကူညီပေးမှုနဲ့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက လွီရန်ကို လွှဲပြောင်း ခေါ်ဆောင်ဖို့ အဖွဲ့ တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချန်းဇီ ရာဇဝတ်ဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင် လွီရန်ကို ဖနွမ်းပင်မြို့ကနေ တရုတ်နိုင်ငံသို့ ပြန်ခေါ်လာခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Prince Group ရဲ့ တရုတ် နိုင်ငံဖွား တည်ထောင်သူ ချန်းဇီကို ကမ္ဘောဒီးယားက ဇန်နဝါရီလမှာ တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

သူ့ရဲ့ ကမ္ဘောဒီးယား လုပ်ငန်းစုကြီးဟာ အွန်လိုင်း လိမ်လည်မှုတွေမှာ ပါဝင်နေတာကြောင့် အမေရိကန်နဲ့ ဗြိတိန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

လွီကို လွှဲပြောင်းပေးနိုင်တာဟာ ကမ္ဘောဒီးယာနဲ့ ဥပဒေစည်းကြပ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွင်း အောင်မြင်မှု တစ်ရပ် ဖြစ်တယ်လို့ လွှတ်တော် အမတ်တွေက ပြောဆိုချီးကျူးခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်က ကမ္ဘောဒီးယားမှာ Jin Bei Group ကို တည်ထောင်ဖို့ ချန်းက လွီနဲ့ အခြား လူတွေကို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

အဲဒီ ကုမ္ပဏီဟာ ကမ္ဘောဒီးယားမှာ အွန်လိုင်းလူလိမ် လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

လွီဟာ တရားမဝင် ဖမ်းဆီး ထိန်းသိမ်းမှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရအောင် လုပ်တာတွေ အပါအဝင် ပြင်းထန်တဲ့ ရာဇဝတ်မှုတွေမှာလည်း ပါဝင်နေတယ်လို့ သံသယရှိကြောင်း လွှတ်တော် အမတ်တွေက ပြောထားပါတယ်။

ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုရဲ့ တရုတ်ပြည်ဖွား သူဌေးဟောင်း လီစီအွန်ကိုလည်း ကမ္ဘောဒီးယားက ဧပြီလက လွှဲပြောင်းပေးခဲ့ပါတယ်။

သူဟာ မြောက်ကိုရီးယားနဲ့ အရှေ့တောင်အာရှ အခြေစိုက် ရာဇဝတ်ကောင်တွေဆီက မတရား ရှာထားတဲ့ ငွေတွေကို ခဝါချပေးနေသူ ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

Source: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.